0




ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၁၀၀ အနီး ယနေ့(ဇန်နဝါရီလ ၁ ရက်) မွန်းလွဲ ၃ နာရီခွဲခန့်က အိမ်စီးမော်တော်ယာဉ်တစ်စီးသည် ရှေ့မှမောင်းနှင်နေသည့် စပါးသယ်ယာဉ်ကို အရှိန်ဖြင့်ဝင်တိုက်ခဲ့ရာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ၁၁၅ မိုင် ရန်ကုန်-မန္တလေးအမြန်လမ်း ကြက်ခြေနီစခန်းထံမှ စုံစမ်းသိရှိရသည်။
"အိမ်စီးယာဉ်ပေါ်မှာ ကလေးငယ်တစ်ဦး အပါအဝင် သုံးဦးလိုက်လာတယ်လို့ သိရပြီး နေပြည်တော်ဘက်ကနေ ရန်ကုန်ကိုသွားနေတုန်း တိုက်မိတာပါ။ မိုင်တိုင် ၁၀၀ နဲ့ ၃ ဖာလုံလောက်မှာ ယာဉ်ကျောတူတဲ့ စပါးသယ်ယာဉ်တစ်စီးကို နောက်ကနေ အရှိန်နဲ့တိုက်မိတဲ့အတွက် ပရိုဘောက်ယာဉ်ရှေ့ဘန်ကာတစ်ခုလုံး စုတ်ပြတ်သွားတယ်။ ယာဉ်မောင်းကတော့ အခုထိ သတိမရသေးပါဘူး" ဟု အဆိုပါစခန်းမှ တာဝန်ရှိသူ ဒေါ်နန်းကဆိုသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ပရိုဘောက်ယာဉ်မောင်းနှင်သူ အမျိုးသားနှင့် ရှေ့ခေါင်းခန်းတွင်လိုက်ပါလာသူ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် ဖြူးမြို့နယ် ကုတင် ၁၀၀ ဆေးရုံကြီးကို ပို့ဆောင်ကုသပေးနေရကြောင်း၊ ပရိုဘောက်ယာဉ်မောင်းနှင်သူမှာ စိုးရိမ်ဖွယ်အနေအထားရှိနေပြီး ယာဉ်ပေါ်လိုက်ပါလာသည့် ကလေးငယ်မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ၁၁၅ မိုင် ရန်ကုန်-မန္တလေးအမြန်လမ်း ကြက်ခြေနီစခန်းမှ သိရှိရသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး ပရိုဘောက်ယာဉ်မောင်းနှင့် စပါးသယ်ယာဉ်မောင်းနှင်သူတို့ကို မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းမှ ယာဉ်ကို မဆင်မခြင်မောင်းနှင်မှု ပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး လက်ရှိတွင် စပါးသယ်ယာဉ်မောင်းနှင်သူ အမျိုးသားကို စခန်းတွင် ထိန်းသိမ်းထားကြောင်း မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။
(ဓာတ်ပုံ- ၁၁၅မိုင်ကြက်ခြေနီစခန်း)


The Voice Weekly

Post a Comment

 
Top