ရန်ကုန်၊ ဇန်နဝါရီ ၂
အစိုးရသစ်လက်ထက်ငါးနှစ်သက်တမ်းအတွင်း ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လူသတ်မှုနှင့်လုယက်မှုများ စံချိန်တင်မြင့်တက်ခဲ့ပြီး ပြစ်မှုအချို့မှ တရားခံများကို ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၅ခုနှစ်အတွင်း လူသတ်မှုပေါင်း ၁၉၁ မှုနှင့် လုယက်မှုပေါင်း ၆၇ မှု ဖြစ်ပွားခဲ့ရာ တရားခံဖမ်းဆီးသည့် ရဲတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရမှုနှင့် မြို့လယ်ခေါင်လူစည်ကားရာ နေရာများတွင် နေ့ခင်းကြောင်တောင် လုယက်လူသတ်မှုများလည်း ပါဝင်ခဲ့ကြောင်း မှုခင်းစာရင်းများအရ သိရှိရသည်။
ရန်ကုန်မြို့တော်၌ ၂၀၁၁ ခုနှစ်တွင် လူသတ်မှု ၁၅၅ မှု၊ လုယက်မှု ၄၇ မှု၊ ၂၀၁၂ ခုနှစ်တွင် လူသတ်မှု ၁၆၄ မှု၊ လုယက်မှု ၃၀ မှု၊ ၂၀၁၃ ခုနှစ်တွင် လူသတ်မှု ၁၃၀ မှု၊ လုယက်မှု ၃၃ မှု၊ ၂၀၁၄ ခုနှစ်တွင် လူသတ်မှု ၁၈၆ မှု၊ လုယက်မှု ၄၈ မှု တို့ဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လူသတ်မှု ၁၉၁ မှုနှင့် လုယက်မှု ၆၇ မှုအထိ စံချိန်တင် ဖြစ်ပွားခဲ့သည်။
“နှစ်ကုန်ပိုင်းမှာ လူသတ်မှု၊ လုယက်မှုတွေ ပိုအဖြစ်များခဲ့တယ်၊ နှစ်တိုင်း လူသတ်မှု၊ လုယက်မှု ကျူးလွန်ခဲ့သူတွေကို ဖော်ထုတ်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာ လူသတ်မှု ၁၄ မှုနဲ့ လုယက်မှု ၂၀ ကျော်က ကျူးလွန်သူတွေကို မမိသေးပါဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
စံချိန်တင် မြင့်တက်ခဲ့သည့် လူသတ်မှု၊ လုယက်မှုများအနက် လူသတ်မှု ၁၉၁ မှုတွင် သေမှုသေခင်းမှ လူသတ်မှုပုဒ်မ ပြန်လည်ပြောင်းဖွင့်ကာ စစ်ဆေးခဲ့ရသည့် အမှု ၆ မှု နှင့် နာကျင်စေမှုမှ လူသတ်မှု ပုဒ်မ ပြောင်းဖွင့် စစ်ဆေးခဲ့ရသည့် အမှုပေါင်း ၆၆ မှုအထိ လည်းကောင်း၊ လုယက်မှုပေါင်း ၆၇ မှုတွင် အုပ်စုဖွဲ့လုယက်ကာ လူသတ်မှုကျူးလွန်ခဲ့မှု ၁၀မှုကျော် ပါဝင်ခဲ့ကြောင်း မှုခင်းစာရင်းများအရ သိရှိရသည်။
“မှုခင်းကျဆင်းစေဖို့ မြို့နယ်အနှံ့က လမ်းတံတားတွေမှာ မီးလင်းရေးနဲ့ လမ်းဆုံလမ်းခွ လူစည်ကားရာ နေရာတွေမှာ လုံခြုံရေးကင်မရာတွေ တပ်ဆင်ဖို့ ပြင်ဆင်နေပါပြီ၊ ရဲတပ်ဖွဲ့ကလည်း မော်တော်ယာဉ်၊ စက်ဘီးတွေနဲ့ မြို့နယ်အနှံ့ လှည့်ကင်းတွေ ဆောင်ရွက်နေသလို အုပ်ချုပ်ရေးအဖွဲ့တွေက ရပ်ကွက်လုံခြုံရေးတွေမှာ ပူးပေါင်းဆောင်ရွက်နေပါတယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်းက ပြောကြားသည်။
အဆိုပါ စံချိန်တင်မြင့်တက်ခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော လူသတ်မှု၊ လုယက်မှုများတွင် ပြစ်မှုကျူးလွန်သူ အများစုမှာ လူငယ်များဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင်မှ လွတ်မြောက်လာသူများလည်း ပါဝင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
The Voice Weekly
Post a Comment