Published on Sun, 12/27/2015 - 18:08
၂၀၁၅ ခုနှစ်သည် အိမ်ခြံမြေဈေးကွက် အမြင့်ဆုံး ရောက်ခဲ့ရာမှ တဖြည်းဖြည်း ပြန်လည် ကျဆင်းလာသော နှစ်ဖြစ်သည့်အတွက် ၂၀၁၅ ၏ ထင်ရှားသော အဖြစ်အပျက် တစ်ခုအဖြစ် ထည့်သွင်း ဖော်ပြအပ်ပါသည်။
၂၀၁၅ ခုနှစ် အိမ်ခြံမြေဈေးကွက် အခြေအနေကို လေ့လာကြည့်ပါက အရောင်း ဈေးကွက်သည် လည်းကောင်း၊ အငှားဈေးကွက်သည် လည်းကောင်း ကျဆင်းနေသည်ကို တွေ့ရသည်။ အမှန်တွင် ၂၀၁၃-၂၀၁၄ ခုနှစ်သည် အိမ်ခြံမြေဈေး အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် နှစ်ဖြစ်ပြီး ၂၀၁၄ ခုနှစ် စက်တင်ဘာလ နောက်ပိုင်း တဖြည်းဖြည်း ပြန်လည် ကျဆင်းလာသည့် အတွက် ၂၀၁၅ ခုနှစ်တွင် ယင်းကဲ့သို့ အိမ်ခြံမြေဈေးကွက် သိသိသာသာ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ အိမ်ခြံမြေ ဈေးကွက်ကျ ဆင်းသွားခြင်း အကြောင်းရင်းမှာ မြန်မာ့စီးပွားရေး ကျဆင်းသွားခြင်းနှင့် သက်ဆိုင်ကြောင်း သုံးသပ်မှုများ ရှိသကဲ့သို့ အိမ်ခြံမြေ ဈေးကွက် ကျဆင်းသွားသည့်အတွက် ဈေးကွက်အတွင်း လည်ပတ်နေသောငွေများ ငွေသေဖြစ်သွားကာ စီးပွားရေး တိုးတက်မှုကို အတားအဆီး ဖြစ်စေသော၊ အတားအဆီး တစ်ခုဖြစ်လာသည် ဆိုသော မတူညီသည့် အမြင်များလည်း ရှိနေကြသည်။
ယင်းကဲ့သို့ အိမ်ခြံမြေ ဈေးကျဆင်းလာခြင်းမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျရောက်ခဲ့သော ရွေးကောက်ပွဲကြောင့် ဈေးကွက် အခြေအနေကို စောင့်ကြည့်ရာမှ အေးစက်ခြင်း ဖြစ်သည်ဟု သုံးသပ်ကြ သကဲ့သို့ အမြင့်ဆုံးဈေးသို့ ရောက်ရှိခဲ့သောကြောင့် ထပ်မတက်နိုင်တော့ဘဲ ကျဆင်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက် နှုန်းထားများသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး ဈေးနှုန်းများဖြစ်သော တိုကျို အိမ်ခြံမြေ ဈေးကွက်၊ စင်ကာပူ အိမ်ခြံမြေဈေးကွက်နှင့် နယူးယော့၊ မင်ဟက်တန် ဈေးကွက်များနောက်တွင် ရှိနေကြောင်း၊ ၂၀၁၄ ခုနှစ် အိမ်ခြံမြေ ဈေးကွက် အနေအထားကို လေ့လာကြည့်ပါက မြန်မာ့အိမ်ခြံမြေ ဈေးကွက်သည် ကမ္ဘာပေါ်ရှိ အမြင့်ဆုံး အိမ်ခြံမြေ ဈေးနှုန်းများဖြင့် လည်ပတ်နေသော ဈေးကွက်တွင် နံပါတ် ၆ ရှိနေပြီး ဘာစီလိုနာနှင့် တစ်တန်းတည်း ဖြစ်နေကြောင်း သိရသည်။
ယင်းကဲ့သို့သော အခြေအနေမှ ၂၀၁၅ ခုနှစ်တွင် တိုက်ခန်း အရောင်းအ၀ယ်တို့ ၁၅ ရာခိုင်နှုန်းခန့် ဈေးလျှော့ ရောင်းလာသည်ကို တွေ့ရကြောင်း၊ အလားတူ မြို့စွန်မှ မြေကွက်များ ငွေဖော်ရန်အတွက် ချရောင်းလာရသည့် အတွက် ၃၅ ရာခိုင်နှုန်းခန့်အထိ ကျဆင်းသွားသည်လည်း ရှိကြောင်း၊ အလားတူ ယင်းကဲ့သို့ အရောင်းအ၀ယ် ကျဆင်းသွားခြင်းမှာ ကြိုပွိုင့် ဈေးကွက်များပေါ်တွင် ယုံကြည်မှု ကျဆင်းသွားခြင်းမှာလည်း အကြောင်းရင်း တစ်ခုဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခု နိုဝင်ဘာ ရွေးကောက်ပွဲအပြီးတွင် အိမ်ခြံမြေ ဈေးနှုန်းပြန်လည် ကောင်းလာနိုင်သည်ဟူသော မျှော်လင့်ချက်များ ရှိနေသော်လည်း လက်ရှိ အချိန်အထိ အေးစက်နေဆဲပင် ဖြစ်ကြောင်း၊ အလားတူ ရင်းနှီးမြှုပ်နှံသူများ ဒေါ်လာဘက်သို့ ဦးလှည့်နေခြင်း၊ ရန်ကုန်စတော့ ရှယ်ယာဈေးကွက် စတင် ဖွင့်လှစ်လိုက်ခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွင် လည်ပတ်နေသော ငွေကြေးများ၊ စတော့မားကက်ဘက်သို့ ရွေ့လျားသွားနိုင်သည်ဟူသော သုံးသပ်မှုများ ရှိနေကြောင်း သိရသည်။
ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ တန်ဖိုးနည်း အိမ်ရာများ အကောင်အထည် ဖော်ပေးနေမှု ရှိသော်လည်း လုံလောက်မှု မရှိသေးကြောင်း၊ တရားဝင် ရရှိထားသော ကိန်းဂဏန်းများအရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောက်လုပ်ဆဲ တန်ဖိုးနည်း စီမံကိန်းနှင့် တန်ဖိုးသင့် စီမံကိန်း ၁၉ ခုရှိကြောင်း၊ ယင်းစီမံကိန်းမှ အိမ်ခန်းပေါင်း ၁၈၀၀၀ ကျော် ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း ၊ အဆိုပါ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း ၁၉ ခုမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၅ ခု၊ မန္တလေးတိုင်း ဒေသကြီးတွင် တစ်ခု၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် နှစ်ခုနှင့် မကွေးတိုင်း ဒေသကြီးတွင် တစ်ခုဖြစ်ကြောင်း သိရသည်။
ရန်ကုန် အိမ်ခြံမြေဈေးကွက် ကျဆင်းသွားသည့် အကြောင်းရင်းတွင် ကန်ထရိုက် အများစုမှာ ကြိုပွိုင့် ရောင်းရငွေနှင့် ဘဏ်ချေးငွေ အပေါ်တွင် တည်၍ ဆောက်ထားခြင်းများ ဖြစ်ကြောင်း၊ နောက်ပိုင်းကာလ ကြိုပွိုင့်ဝယ်ယူမှု မရှိသလောက် နည်းသွားသည့်အတွက် ကြိုပွိုင့် အတော်များများ ဒုက္ခရောက်နေကြကြောင်း၊ အလားတူ မြေရှင်နှင့် သဘာတူပြီးသား အစီအစဉ်ကို ပြန်ဖျက်ရသည့် အခြေအနေများပင် ရှိကြောင်း သိရှိရသည်။
ယင်းစီမံကိန်း အများစုမှာ ၂၀၁၃ နှစ်ကုန်ပိုင်းနှင့် ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စခဲ့ကြခြင်း ဖြစ်ပြီး လက်ရှိအချိန်တွင် အခန်းများ ရောင်းမကုန်ဘဲ ကျန်နေဆဲဖြစ်ကြောင်း သိရသည်။
အချုပ်ဆိုရသော် အများအပြားကို လက်ဝယ် ကိုင်ဆောင်ထားနိုင်သော လက်ကြီးသမားများမှ လွဲ၍ အိမ်ခြံမြေတွင် မြှုပ်နှံထားသည့် အသေးစား မြှုပ်နှံမှုများမှာ ဈေးချ၍ ရောင်းချခဲ့ရကြောင်း၊ စင်စစ် ၂၀၁၅ ခုနှစ်သည် အိမ်ခြံမြေဈေးကွက် အရှိန်အဟုန် မြင့်တက်နေရာမှ ပြန်လည် ကျဆင်းလာခဲ့သည့် နှစ်တစ်နှစ် ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
Writer:
အငယ်ထွေး
http://news-eleven.com/
Post a Comment