0

တရားမဝင်တင်သွင်းမှုများ များပြားလာသဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မော်တော်ယာဉ်နှင့်စက်ယန္တရားများတင်သွင်းခွင့်ကို ဒီဇင်ဘာလ၂၄ရက်နေ့မှစတင်၍ ရပ်ဆိုင်းလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
“မှောင်ခိုတွေတင်သွင်းတာများလို့ ပိတ်လိုက်တာ။ ကုန်သွယ်ရေးဦးစီးဌာနက ပြန်တင်သွင်းခွင့်မပြုမချင်း ပိတ်ထားမှာပါ ” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးကပြောဆိုသည်။
ယင်းအပြင်ကချင်ပြည်နယ် ဖားကန့်ဒေသအတွက် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ လုပ်ငန်းသုံးယာဉ်၊ ယန္တရားများတင်သွင်းခြင်းနှင့် သွင်းကုန်လိုင်စင်ထုတ်ပေးခြင်းများကို ဒီဇင်ဘာလ၁၇ရက်နေ့မှစတင်၍ ခေတ္တဆိုင်းငံ့ထားပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ယာဉ်ယန္တရားသွင်းကုန်လိုင်စင်ထုတ်ပေးခြင်းနှင့် သွင်းကုန်လိုင်စင်သက်တမ်းတိုးပေးခြင်းများကိုလည်း ဒီဇင်ဘာ၂၁ရက်နေ့မှစတင်၍ ဆိုင်းငံ့ထားကြောင်း၊ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ညွှန်ကြားမှုဖြင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မော်တော်ယာဉ်နှင့်ယာဉ်ယန္တရားများတင်သွင်းခွင့်ကို ထပ်မံရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနထံမှသိရသည်။
“ အဲ့ဒါကြောင့် ဈေးကွက်ဘာမှအပြောင်းအလဲမဖြစ်ဘူး။ နယ်စပ်ဘက်ကသွင်းပြီး ရောင်းတာလည်းနည်းတယ်လေ။ အဲ့ဒီ(နယ်စပ်ကုန်သွယ်ရေးစခန်းများ)ကသွင်းတဲ့ကားတွေ၊ ဈေးနှုန်းတွေက အပြောင်းအလဲမရှိပါဘူး ” ဟု လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ မော်တော်ယာဉ်ဝယ်ရောင်း ဦးအေးကျော်ကပြောဆိုသည်။
ယင်းသို့ နယ်စပ်စခန်းများမှ မော်တော်ယာဉ်များတင်သွင်းခွင့်ရပ်ဆိုင်းခြင်းကြောင့် မော်တော်ယာဉ်ဈေးကွက်ကို ထိခိုက်မှုမရှိသလောက်နည်းပါးပြီး လက်ရှိကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ ကန့်သတ်ချက်များကြောင့်သာ မော်တော်ယာဉ်ဈေးနှုန်းများမြင့်တက်နေခြင်းဖြစ်ကြောင်း မော်တော်ယာဉ်ဈေးကွက်အတွင်းမှသိရသည်။

The Voice Weekly

Post a Comment

 
Top