0

Saturday, 26 December 2015
သင်္ကြန်အတွက် သပ်သပ်တော့ မဟုတ်လှပါ။ သင်္ကြန်မတိုင်မီ ပြောင်းမည့် အစိုးရသစ်ကို ဦးဆောင်ရေးဖြစ်သည်။ ရှာပုံတော် မင်းသမီးကြီးမှာ ယနေ့အထိ စိတ်ကြိုက် သမ္မတလောင်း တွေ့သေးဟန်မတူ။
သမ္မတဦးသိန်းစိန်၏ ထိပ်တန်း အကြံပေးတစ်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသား သမ္မတလောင်းရှာပုံတော် ဖွင့်နေသည်မှာ ရက်မှလသို့ ကူးပြောင်းခဲ့သည့်တိုင် ပြည်သူ့အကြိုက် သမ္မတလောင်းကို ရှာတွေ့ပုံမရ။ ယနေ့အထိ ဒေါ်အောင်ဆန်းစုကြည် တင်မည့်သမ္မတ မည်သူဟူ၍ ထုတ်မပြောနိုင်ခြင်းက သက်သေဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် တင်မည့် သမ္မတဟု အစောဆုံး သတင်းထွက်လာသူမှာ သူရဦးရွှေမန်း ဖြစ်သည်။ ဗဟို အလုပ်အမှုဆောင် တစ်ဦးထံမှ တစ်ဆင့် ပြည်ပ သတင်းဌာနသို့ ပေါက်ကြားခဲ့သော အဆိုပါသတင်းကို ပါတီခေါင်းဆောင်အချို့ ကမန်းကတန်း ငြင်းချက်ထုတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနှင့် တစ်စုံတစ်ရာ ပြောဆိုခြင်း အလျဉ်းမရှိခဲ့။
ရွေးကောက်ပွဲအပြီး ထင်ရှားလာသည်က ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းကို သမ္မတလောင်းအဖြစ် လျာထားသည်ဟူ၍ ဖြစ်သည်။ မကြာမီ ထိုသတင်းလည်း မှေးမှိန် ခဲ့ပြန်သည်။
တစ်ဖန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ မထင်မရှား ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးထင်ကျော်ကို သမ္မတလောင်းဟု ဆိုကြပြန်သည်။ ဗဟိုအလုပ်အမှုဆောင် မဟုတ်သူ ဒေါက်တာတင်မျိုးဝင်း သမ္မတလောင်း မဖြစ်နိုင်သလို ဦးထင်ကျော်လည်း မဖြစ်နိုင်ဟု ပါတီရွေးကောက်ပွဲ အောင်နိုင်ရေး ခေါင်းဆောင်တစ်ဦးက ငြင်းချက်ထုတ်သည်။
ဤသို့ဤနှယ် သမ္မတလောင်း ခန့်မှန်းချက်များ အမျိုးမျိုး အဖုံဖုံထွက်ခဲ့သည့်တိုင် ယနေ့အထိ အစိုးရသစ်၏ ခေါင်းဆောင်သစ်ကို လူထုနှင့် မိတ်မဆက်နိုင်သေး။ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတအကြံပေး ပညာရှင်ကြီး တစ်ဦးတို့ ပူးပေါင်းရှာဖွေသည့် စာရင်းနှင့် ထပ်ပေါင်းလျှင် သမ္မတလောင်း အရေအတွက်မှာ သတင်းထွက်သည်ထက်ပင် ပိုမိုများပြားလာစရာ ရှိသည်။
ဒီဇင်ဘာလဆန်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၊ တပ်မတော် ခေါင်းဆောင်များ ဆက်တိုက်တွေ့ဆုံမှု အပြီး သမ္မတလောင်း ခန့်မှန်းမှုများ တစ်ခန်းရပ်သွားသည်။ အားလုံး၏ ပစ်မှတ်အသစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သမ္မတဖြစ်ရေး ဟူ၍ ဖြစ်သည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ခေါင်းစဉ်ဖြင့် အစိုးရ၊ တပ်မတော်ခေါင်းဆောင်များကို တွေ့ဆုံအပြီး ရှာပုံတော်မင်းသမီးကြီးမှာ သမ္မတလောင်း ရှာပုံတော် အလုပ်ဖြစ်ရေးထက် သမ္မတဖြစ်ပိုင်ခွင့်ကို မြှားဦး လှည့်လာဟန် ရှိသည်။
အစိုးရသစ်အတွက် သမ္မတသစ်မှာ ဒေါ်အောင်ဆန်းစုကြည်ပင်လော။
လမ်း
နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြည်သူတို့၏ လက်သန်း သန်းပေါင်းများစွာက ဒေါ်အောင်ဆန်းစုကြည် ဆိုသည့် အမျိုးသမီးကြီး (The Lady) တစ်ဦးတည်း အတွက်သာ ဖြစ်ခဲ့သည်။ ယုံမှတ်၍ ပုံအပ်လိုက်ကြသူ ပြည်သူအများစု၏ ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည် မှတစ်ပါး အခြားမရှိ။
ပြည်သူတို့ မြင်လိုသည့် သမ္မတမှာ ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် အတားအဆီး ဖြစ်နေသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ကျော်လွှားနိုင်ရပေမည်။ ဒီဇင်ဘာအားလပ်ရက် အပြီး လွှတ်တော်များ ပြန်စချိန် ဇန်နဝါရီလဆန်းတွင် ပုဒ်မ ၅၉ (စ) ကို ကျော်လွှားရန် လွှတ်တော်၌ အစီအစဉ်ရှိကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက သတင်း ထွက်လာသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး ၂၀၁၄ ခုနှစ်အတွင်း လွှတ်တော်က လုပ်ဆောင်စဉ်က ပုဒ်မ ၅၉ အပါအဝင် အဓိကပုဒ်မ အများစုကို ပြင်ဆင်ရန် ငြင်းပယ်ခံခဲ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုတင်ခဲ့သော အခြေခံဥပဒေ ပြင်ချက်အများစုကို ထိုစဉ်က တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့က အဓိက ကန့်ကွက်မဲပေးခဲ့ခြင်း ဖြစ်သည်။
ယခုတစ်ကြိမ်တွင် မည်သို့ ပြင်ဆင်မည်နည်း။
ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူ လွှတ်တော်ကိုယ်စားလှယ်အချို့၏ အဆိုအရ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ရန် လွှတ်တော်တွင် ဥပဒေတစ်ရပ် တင်မည်ဖြစ်သည်။ ယင်းသို့ ဆိုင်းငံ့မည့် ဥပဒေတင်မည်ဆိုပါက လက်ရှိအခြေခံ ဥပဒေကို ပြင်ဆင်ခြင်း ပယ်ဖျက်ခြင်း မဟုတ်သဖြင့် အပြင်းအထန် ကန့်ကွက်ခံရဖွယ် မရှိဟု ၎င်းတို့က သုံးသပ်ထားသည်။
ပုဒ်မ ၅၉ (စ)ကို ဆိုင်းငံ့သည့် အထူးဥပဒေ တစ်ရပ်ကို လွှတ်တော်က ပြဋ္ဌာန်းနိုင်လျှင် အခြေခံဥပဒေကို ပြင်ဆင်ခြင်း မဟုတ်သလို ပယ်ဖျက်ခြင်း မဟုတ်၍ အလုပ်ဖြစ်မည့် လမ်းဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက သုံးသပ်သည်။
ယင်းအဆိုမှာ အခြေခံဥပဒေနှင့် မညီဟု ပြောဆိုမှုများ ရှိသော်လည်း အခြေခံ ဥပဒေတွင် ယင်းသို့ဆိုင်းငံ့နိုင်ခွင့် မရှိဟု မပါကြောင်း၊ အခြေခံဥပဒေက တရားဝင်ခွင့် ပြုထားခြင်း မရှိသည့်တိုင် တရားဝင် တားဆီးထားခြင်းလည်း မရှိကြောင်း ဦးကိုနီက ရှင်းပြသည်။
“ခွင့်ပြုချက်ရှိမှ လုပ်လို့ရတာမဟုတ်ဘူး၊ တားမထားရင် လုပ်လို့ရတယ်။ အဲဒါကို ကျွန်တော်တို့က Informal Way လို့ခေါ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မှတ်ချက်ပြုသည်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် ရွေးကောက်ပွဲ မတိုင်မီက သမ္မတအထက်က နေမည်ဟု ပြောဆိုမှုအပေါ် ပြည်ပသတင်းထောက် တစ်ဦးက အခြေခံဥပဒေနှင့် ကိုက်ညီ ပါသလားဟု မေးခွန်းထုတ်ရာတွင် အခြေခံဥပဒေ၌ သမ္မတအထက်က နေခွင့်မရှိဟု ပြဋ္ဌာန်းမထားကြောင်း တုန့်ပြန်ခဲ့ဖူးသည်။
ယခုတစ်ကြိမ်တွင်လည်း ပုဒ်မ ၅၉ (စ) ကို ဆိုင်းငံ့ခွင့်မရှိဟု အခြေခံဥပဒေ၌ ပြဋ္ဌာန်းချက်မရှိဟူသည့် စဉ်းစားချက်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်ခံဖွယ်ရှိသည်။ ယင်းအတွက် ဇန်နဝါရီလဆန်း ၌ ပုဒ်မ ၅၉ (စ) ဟူသော ပြဿနာကို လွှတ်တော်က ဖြေရှင်းမည်ဖြစ်ကြောင်း ခိုင်လုံသည့် သတင်းအချို့ ထွက်နေခြင်းလည်း ဖြစ်သည်။
သမိုင်း သာဓက
“သူတို့ပြောတာက အခြေခံဥပဒေနဲ့တော့ မကိုက်ဘူး” ဟု ဒေါက်တာအေးမောင်က မှတ်ချက်ပြုသည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်၏ အဆိုအရ ကြားခံသမ္မတတစ်ဦး တင်မြှောက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ခွင့်ကို ဖန်တီးခြင်းက ပိုမို သင့်လျော်သည့် နည်းလမ်းဖြစ်သည်။
“တပ်မတော်အပါအဝင် အားလုံး လက်ခံမယ့် သမ္မတတစ်ဦးကို ရှေ့ပိုင်းမှာ တင်လိုက်ပြီးတော့ အဲဒီသမ္မတက တစ်နှစ်တန်သည် ၂ နှစ်တန်သည် တာဝန်ယူချိန် ဒီအတားအဆီး (ပုဒ်မ ၅၉(စ)) ကို ပယ်ဖျက်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် တက်လာတာမျိုးက ပိုအလုပ်ဖြစ်နိုင်တယ်” ဟု ၎င်းက ရှင်းပြသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အနေနှင့် အခြေခံဥပဒေ ပြဋ္ဌာန်းချက်အတွင်းမှ ယင်းသို့ ပြောဆိုသော်လည်း မြန်မာ့သမိုင်းတွင် အလားတူ အကျပ်အတည်းမျိုးကို အခြေခံဥပဒေပြင်ပမှ ဖြတ်ကျော်ခဲ့ဖူးသည့် သာဓက အထင်အရှား ရှိခဲ့ဖူးသည်။
အိမ်စောင့်အစိုးရ တာဝန်ယူချိန်ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရွေးကောက်ခံအမတ် မဟုတ်သူများ ဝန်ကြီးချုပ် လုပ်ခွင့်မရှိ အစိုးရအဖွဲ့ဝင် ဖြစ်ခွင့်မရှိဟူ၍ ပြဋ္ဌာန်းထားသည့် ပုဒ်မ ၁၁၆ ပါဝင်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ထောက်ပြသည်။ သို့သော် အာဏာသိမ်းရန် ဟန်ရေးတပြင်ပြင် ရှိနေသော ဗိုလ်ချုပ်နေဝင်းကို ဦးနုက အာဏာမသိမ်းရန်နှင့် အာဏာလွှဲပေးမည် ဟုဆိုပြီး ၁၉၅၈ ခုနှစ်တွင် အာဏာ လွှဲပေးခဲ့ကြောင်း မှတ်တမ်းများက ဆိုသည်။
ယင်းသို့ အာဏာလွှဲပေးသည့်တိုင် အစိုးရအဖွဲ့ဝင်မှာ လွှတ်တော်အမတ် မဟုတ်လျှင် ခြောက်လထက်ပို၍ တာဝန်ထမ်းဆောင်ခြင်း မရှိစေရဟု ၁၉၄၇ အခြေခံဥပဒေ ပုဒ်မ ၁၁၆ တွင် ပြဋ္ဌာန်းထားသဖြင့် ယင်းပုဒ်မကို ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း အထူး ဥပဒေတစ်ရပ် ပြဋ္ဌာန်း၍ နောက်ထပ် ဝန်ကြီးချုပ်တစ်ဦး တာဝန်မယူမီအထိ ဆိုင်းငံ့စေခဲ့ကြောင်း ဦးကိုနီက ရှင်းပြသည်။
“အခု ဒီလိုပါပဲ ကျွန်တော်ပြောနေတာက ၅၉ (စ) ကြောင့် သမ္မတဖြစ်ဖို့ အခက်အခဲဖြစ်နေရင် လွယ်လွယ်လေးပါ။ လွှတ်တော်မှာ ဥပဒေကို မပြင်နဲ့တော့။ အထူး ဥပဒေတစ်ရပ် ပြဋ္ဌာန်းပြီးတော့ နိုင်ငံရေး အခြေအနေအရ ၅၉ (စ) ကို ခေတ္တယာယီ ဆိုင်းငံ့ထားလိုက်သည် ဆိုရင် ပြီးတာပဲလေ” ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ထောက်ပြသည်။
၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလ၏ ပုံရိပ်များ ၂၀၁၆ နှစ်ဆန်းတွင် မြန်မာတို့ထံသို့ တစ်ကျော့ပြန် မလာနိုင်ဟု မဆိုသာ။
စင်ပေါ်က အရှုံးသမား
ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ် ဗိုလ်ချုပ်ကြီးမှာ ၂၀၁၅ နှောင်းပိုင်းကာလ၌ နိုင်ငံရေးအရှုံးများ ဆင့်ကဲ ရင်ဆိုင်ခဲ့ရသည်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံရပြီး မကြာမီ ရွေးကောက်ပွဲ၌လည်း ထပ်မံ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် အချိန်တိုအတွင်း စစ်ဗိုလ်ချုပ်ကြီး ဘဝမှ နိုင်ငံရေးသမားဘဝသို့ ပီပီပြင်ပြင် ကူးပြောင်းခဲ့သူ သူရဦးရွှေမန်းမှာ အရှုံးသမားအဖြစ် ကြာကြာမနေခဲ့။ ရွေးကောက်ပွဲရှုံးနိမ့်ပြီး ချက်ချင်းဆိုသလိုပင် အရှုံးရလဒ်ကို ကျေကျေနပ်နပ် လက်ခံကြောင်း ထုတ်ပြောခဲ့သလို တိုင်းပြည်နှင့် လူမျိုးအတွက် လုပ်စရာရှိသည်ကို ဆက်လုပ်မည်ဖြစ်ကြောင်း ပြောဆိုခြင်းဖြင့် လက်ခုပ်သံတို့ကို ရရှိခဲ့သည်။
ယင်းနောက် ဆက်တိုက်ဆိုသလိုပင် ရွေးကောက်ပွဲအနိုင်ရ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ယနေ့ မြန်မာ့တပ်မတော်၏ ခေါင်းကိုင်ဟု တင်စားလောက်သူ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရန်ကိုပင် စီစဉ်ပေးခဲ့သည်။
“ဒီလူက နိုင်ငံရေးသမား ပီသတယ်” ဟု သူရဦးရွှေမန်း၏ လုပ်ဆောင်ချက်များ အပေါ် သမ္မတဦးသိန်းစိန်၏ အကြံပေးတစ်ဦးက မှတ်ချက်ပြုသည်။ ဆင့်ကဲ နိုင်ငံရေးထိုးနှက်ချက် အရှုံးများကို အချိန်တိုအတွင်း ကျော်လွှား၍ အမျိုးသား ပြန်လည်သင့်မြတ်ရေးတွင် အဓိက နေရာမှ ပါနိုင်သေးကြောင်း သူရဦးရွှေမန်းက လုပ်ပြလိုက်ခြင်းလည်း ဖြစ်၍ ယင်းသို့ မှတ်ချက် ပြုခံရခြင်း ဖြစ်သည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး မသေချာသေးချိန်၊ သမ္မတလောင်းအမည် မကြေညာနိုင်သေးချိန် သူရဦးရွှေမန်း သမ္မတဖြစ်ရေး အခွင့်အလမ်းမှာ လုံးလုံးမပိတ်သေး။ မြန်မာ့နိုင်ငံရေးနှင့် ခပ်လှမ်းလှမ်းမှ နေသူအချို့ပင် သူရဦးရွှေမန်း သမ္မတဖြစ်မည်ဟု ယုံကြည်နေဆဲ ဖြစ်သည်။
“ကျွန်တော် နိုင်ငံရေးတွေ ဘာမှ မသိပါဘူး။ ဒါပေမဲ့ သူရဦးရွှေမန်း သမ္မတ ဖြစ်မယ်လို့ ရာနှုန်းပြည့် ယုံတယ်” ဟု နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံကြီးမှ ဆရာဝန် အမျိုးသားတစ်ဦးက မှတ်ချက်ပြု သည်။
ယင်းအပြင် ၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ၊ လွှတ်တော်ခေါင်းဆောင်များ တွေ့ဆုံပွဲကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါခဲ့သူတစ်ဦးဖြစ်သည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သမ္မတလောင်းအဖြစ် စစ်ဗိုလ်ချုပ်တစ်ဦးကို ထင်ကြေးပေးနေဆဲ ဖြစ်သည်။
“ကျွန်တော်မှန်းတာက လာမယ့်ကာလမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲနိုင်တဲ့ အရပ်သားမဟုတ်တဲ့ တပ်မတော် အငြိမ်းစားပုဂ္ဂိုလ်တစ်ဦးက သမ္မတကြီး ဖြစ်လာမယ်လို့ ထင်တယ်” ဟု ဒေါက်တာအေးမောင်က ခန့်မှန်းသည်။ ယင်းတပ်မတော် အငြိမ်းစားပုဂ္ဂိုလ်မှာ ပြည်ထောင်စုကြီးကိုလည်း ကောင်းစေလိုသည့် ဆန္ဒရှိပြီး ပြည်တွင်းငြိမ်းချမ်းရေး ကိုလည်း လိုလားသည့်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့ အကြီးအကဲအဖြစ် လိုလားသူ တစ်ဦး ဖြစ်ရန်လိုသလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်တိုင် လက်ခံနိုင်သည့်သူ တစ်ဦး ဖြစ်ရမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ညွှန်းဆိုသည်။
ယင်းပုဂ္ဂိုလ်က တပ်မတော်ကိုလည်း ခေတ်မီတပ်မတော် ဖြစ်စေရန် ပုံဖော်ရမည့် အပြင် တပ်မတော်က ဦးဆောင်ရေးဆွဲသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများလက်ခံသည့် ပုံစံပြင်ဆင်နိုင်ရန် တပ်မတော်ကို စည်းရုံးနိုင်မည့်သူ တစ်ဦးလည်း ဖြစ်ရန်လိုကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“အဲဒီလောက်ဆိုရင်တော့ ဒီပုဂ္ဂိုလ်ဟာ လာမယ့်အစိုးရကို ခေါင်းဆောင်မယ့် သူဟာ ဘယ်သူဖြစ်မလဲ ဆိုတာ ပုံဖော်လို့ ရလောက်ပါတယ်” ဟု ဒေါက်တာအေးမောင်က ဆိုသည်။
ရွေးကောက်ပွဲရှုံးနိမ့်ခြင်း၊ ပါတီ ခေါင်းဆောင်အဖြစ်မှ ဖယ်ရှားခံရခြင်း စသည်တို့ကို ကြုံတွေ့ခဲ့သည့်တိုင် သူရဦးရွှေမန်းမှာ နိုင်ငံရေးစင်မြင့် ထက်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်နေဆဲ ဖြစ်သည်။
သမ္မတသစ်၊ အစိုးရသစ်၊ မြန်မာ့နှစ်သစ်
ရှာပုံတော်မင်းသမီးကြီးမှာ သမ္မတသစ်ကို ရှာဖွေရေးထက် သမ္မတဖြစ်ရေးသာ အာရုံစိုက်လာဟန် ရှိသည်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ အပါအဝင် အစိုးရ၊ တပ်မတော် ခေါင်းဆောင် အားလုံးကို တွေ့ဆုံခဲ့ပြီး အမျိုးသား ရင်ကြားစေ့ရေး အစိုးရကို ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြောဆိုထားသလို သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံပွဲများတွင် ကောင်းမွန်သည့် ရလဒ်များ ရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းအပြင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် တွေ့ဆုံမှုမှာ ကြီးမားသော အကျိုးရလဒ် ရခဲ့ကြောင်းပင် ထုတ်ပြောထားသည်။ တပ်မတော်ခေါင်းဆောင်ဟောင်း ကလည်း ‘သားရွှေအိုး ထမ်းမည့်ကိန်း’ ဟု ပြောဆိုထားပြန်ရာ ပြည်သူလိုလားသည့် ခေါင်းဆောင်သာ သမ္မတနေရာကို ရယူသွားနိုင်ဖွယ် ရှိသည်။
အစိုးရအကြီးအကဲ တာဝန်လွှဲပြောင်းရန် အတွက် ပြည်ထောင်စုဝန်ကြီး အချို့နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များ အကြား ဆွေးနွေးမှုကလည်း ချောချောမွေ့မွေ့ပင် ရှိနေကြောင်း နှစ်ဖက် ထုတ်ပြန်ချက်များအရ သိရသည်။
တစ်ဖန် ပြည်တွင်းငြိမ်းချမ်းရေး ရှေ့ခရီးအတွက်လည်း ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ကြိမ်တိုင်တွေ့ဆုံ၍ ငြိမ်းချမ်းရေး ရှေ့ဆက်မည့် ပုံစံကို ဆွေးနွေးထားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ဖြစ်ပေါ်လာရေးတွင် အလုပ်အဖွဲ့နေရာမှ အဓိက ပါဝင်ခဲ့သော မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC) ကို မဖျက်သိမ်းဟု ကတိပေးထားသည်။
သမ္မတသစ်အတွက် အဖြေ မထွက်သေးချိန် ရပ်ကွက်/ကျေးရွာပေါင်း ခြောက်သောင်းကျော် အတွက် အုပ်ချုပ်ရေးမှူးသစ် ရွေးပွဲများကို ရက်ပိုင်းအတွင်း ကျင်းပတော့မည် ဖြစ်သည်။
“သမ္မတက ဘယ်တော့ရွေးမှာလဲ။ ရပ်ကျေးတွေတော့ ရွေးတော့မှာ” ဟု မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နေထိုင်သော ဒေသခံတစ်ဦးက မေးခွန်းထုတ်သည်။
အဖြေမထွက်သေးသည့် သမ္မတ မေးခွန်းအတွက် ၂၀၁၆ နှစ်သစ်က အဖြေပေးရေး စောင့်နေဟန်ရှိသည်။
ဇန်နဝါရီလဆန်းတွင် ပြည်ထောင်စု လွှတ်တော်ကြီးက အထူးဥပဒေတစ်ရပ် အတွက် အလုပ်များဖွယ် ရှိသည်။ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သူ အမတ်အများစုဖြင့် အသက်မဲ့ခဲ့သော လွှတ်တော်ကြီးကို အထူးဥပဒေက လှုပ်နှိုးနိုင်ပေလိမ့်မည်။
အခြေခံဥပဒေကို ကာကွယ်စောင့် ရှောက်မည်ဆိုသော တပ်မတော်သား ကိုယ်စားလှယ်များ၏ ရပ်တည်ချက် တစ်နည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သဘောထား ရပ်တည်ချက်က ပုဒ်မ ၅၉ (စ) ဆိုင်းငံ့ရေးအတွက် အရေးပါလာ ပေဦးမည်။
“ပြည်သူက ပေါက်ဖွားလာတဲ့ တပ်မတော်ကလည်း ပြည်သူ့ဆန္ဒကို အလေး ထားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်” ဟု ၅၉ (စ) ဆိုင်းငံ့ရေးနှင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် အတွက် တပ်မတော်၏ သဘောထား ရပ်တည်ချက်အပေါ် တရားလွှတ်တော်ရှေ့နေ ဦးကိုနီက မှတ်ချက်ပြုသည်။
ရှာပုံတော်မင်းသမီးကြီး အတွက် စိတ်ကြိုက်သမ္မတလောင်းက ယနေ့အထိ မတွေ့။
သမ္မတမဖြစ်လျှင် သမ္မတအထက်က နေမည် ဆိုသော ဒေါ်အောင်ဆန်းစုကြည် ၂၀၁၆ အတာသင်္ကြန်၌ နေပြည်တော်ရှိ သမ္မတအိမ်တော်မဏ္ဍပ်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရေးက အားလုံးမျှော်သည့် ကန့်လန့်ကာဇာတ်အဖွင့် ဖြစ်သည်။ သင်္ကြန်အတွက်သပ်သပ်တော့ မဟုတ်လှပါ။ သင်္ကြန်မတိုင်မီ ပြောင်းမည့် အစိုးရသစ်ကို ဦးဆောင်ရေးဖြစ်သည်။
ယင်းအတွက် နေပြည်တော်တွင် ကြိတ်ဝိုင်းများ ထွန်းပေါ်နေသည်။
The Voice
http://thevoicemyanmar.com

Post a Comment

 
Top