ဘဲလ်ဂရိတ်၊ ဒီဇင်ဘာ ၂၇
ဆားဗီးယားနိုင်ငံတွင် ယခင်နှင့် လက်ရှိတာဝန်ရှိသူ ၈၀ ဦးကို အဂတိလိုက်စားမှု စွဲချက်များဖြင့် ဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူများသည် အတိုက်အခံပါတီများနှင့် သက်ဆိုင်သူများ ဖြစ်သည်ဟု VOA သတင်းတွင်ဖော်ပြထားသည်။
နိုင်ငံအတွက် ဒေါ်လာသန်း ၁၀၀ ကျော် ဆုံးရှုံးစေခဲ့သော ငွေကြေးရာဇဝတ်မှုနှင့် အဂတိလိုက်စားမှုပေါင်း ၂၀ ခန့်နှင့် ပတ်သက်သူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆားဗီးယား ပြည်ထဲရေးဝန်ကြီး စတီဖန်နိုဗစ်က စနေနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
“အစိုးရအဖွဲ့ အတွင်းမှာ ငွေကြေးရာဇဝတ်မှု၊ အဂတိလိုက်စားမှုတွေကို တားဆီးဖို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ၂၀၀၄ ကနေ ဒီနေ့အထိ ငွေကြေးခဝါချမှု၊ အာဏာအလွဲသုံးစားမှု၊ စာရွက်စာတမ်း အတုပြုလုပ်မှု၊ တန်စိုးလက်ဆောင်ရယူမှု၊ ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုမှု အစရှိတဲ့ ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ကြတဲ့အတွက် ရာဇဝတ်မှုပုဒ်မနဲ့ စွဲချက်တင်တာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားသည်။
ဖမ်းဆီးခံရသူများ၏ အမည်နှင့် ကျူးလွန်သော ရာဇဝတ်မှုများကို ပြည်ထဲရေး ဝန်ကြီးဌာနက အသေးစိတ် ထုတ်ပြန်ခဲ့ပြီး နောက်ထပ် ၃၉ ဦးကို စစ်ဆေးနေသည့်အပြင် သံသယရှိသူ ငါးဦးကို လိုက်လံရှာဖွေနေသည်ဟု ပြောကြားသည်။
အတိုက်အခံ ခေါင်းဆောင်များကမူ ယခုဖမ်းဆီးမှုများသည် နိုင်ငံရေးအရ လုပ်ကြံခြင်း ဖြစ်သည်ဟု ပြောကြားသည်။
ဖမ်းဆီးခံရသူများထဲတွင် စိုက်ပျိုးရေး ဝန်ကြီးဟောင်း မီလိုဆဗယ်လ်ဂျီဗစ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာန ဒါရိုက်တာဟောင်း မာကိုဗစ်တို့ ပါဝင်သည်။
တိုင်းပြည်တွင် အဂတိလိုက်စားမှု ကင်းရှင်းစေရန်နှင့် ရာဇဝတ်မှုများကို ကိုင်တွယ်ရန် ဥရောပသမဂ္ဂက တောင်းဆိုထားခြင်းကြောင့် ဆားဗီးယားအစိုးရက အရေးယူဆောင်ရွက်နေခြင်း ဖြစ်သည်ဟုလည်း သိရှိရသည်။
ဆားဗီးယား အစိုးရသည် တိုင်းပြည်တွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ အစိုးရ ပွင့်လင်းမြင်သာမှု ရှိရေးတို့ ပါဝင်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အီးယူနှင့် ဒီဇင်ဘာ ၁၄ ရက်က ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

Post a Comment