ကော့သောင်း၊ဒီဇင်ဘာ၂၅
ပါချန်မြစ်အတွင်း ထိုင်းရေပိုင်နက်၌် မြန်မာငါးဖမ်းစက်လှေတစ်စီး ဒီဇင်ဘာလ ၂၀ရက်နေ့ညက လုယက်ခံခဲ့ရပြီးနောက်ရေထဲပစ်ချခံရသူ တစ်ဦးပျောက်ဆုံးနေကြောင်း လုယက်ခံရမှုမှ ပြန်လည်လွတ်မြောက်လာသူများထံမှ သိရသည်။
ကော့သောင်းမြို့နယ် ပါချန်မြစ်အတွင်း ထိုင်းရေပိုင်နက်သို့အရောက်တွင် အမည်မသိစက်လှေတစ်စီး အဆိုပါလုယက်ခံရသည့်ငါးဖမ်းစက်လှေနံဘေးတွင် လိုက်ပါလာပြီးသေနတ်၊ ဓား၊ တုတ်များကိုင်ဆောင်ထားသော လူလေးဦးလှေပေါ်တက်လာကာ ခြိမ်းခြောက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှသိရသည်။
လုယက်ခံရသည့်လှေပေါ်ပါလာသူများကိုရိုက်နှက်ကာ ရေထဲသို့ပစ်ချခဲ့ပြီး လှေနှင့်အတူလှေပေါ်မှကဏန်းများကို ယူဆောင်သွားခဲ့ကြောင်း လုယက်ခံရရာမှ လွတ်မြောက်လာသူဦးလွမ်းဝေကပြောသည်။
"ကျွန်တော်တို့လှေပေါ်တက်လာတဲ့လူ၎ယောက်က မျက်နှာကိုအဝတ်မည်းတွေစည်းထားလို့ ဘယ်သူဘယ်ဝါဆိုတာမသိဘူး။ လူကိုရိုက်နှက်လက်ပြန်ကြိုးတုပ်ပြီး ရေထဲပစ်ချခဲ့တာ။ အဲဒီနောက်အသက်လုပြေးခဲ့ရတယ်”ဟု ၎င်းကဆိုသည်။
ဦးလွမ်းဝေနှင့် လွတ်မြောက်လာသည့်လှေသားများ အဆိုအရ လှေပေါ်တွင်လူသုံးဦးနှင့် ကာလတန်ဖိုးဘတ်ခုနှစ်သောင်းနီးပါးတန်ဖိုးရှိ ကဏန်းကီလို ၁၈၀ပါလာသည်။
“ရေထဲပစ်ချလိုက်တာနဲ့ လက်မှာတုတ်ထားတဲ့ ကြိုးတွေကိုကြိုးစားဖြေပြီး အဖေ(ဦးလွမ်းဝေ) နဲ့ကိုမင်းလတ်ကိုလိုက်ရှာခဲ့တယ်။ ခဏနေတော့အဖေ့ကိုပဲတွေ့ပြီး ကိုမင်းလတ်ကိုမတွေ့ဘူး။ဒါနဲ့ကမ်းကိုရေကူးလာတော့ ထိုင်းငါးမျှားလှေတစ်စီးကို အကူအညီတောင်းပြီး ဆေးရုံရောက်ခဲ့တာ”ဟု ဦးလွမ်းဝေ၏သားဖြစ်သူကဆိုသည်။
၎င်းတို့ ၃ဦးအနက်ဦးလွမ်းဝေနှင့်သားဖြစ်သူသာ ထွက်ပြေးလွတ်မြောက်လာပြီး ကဏန်းရောင်းရန်လမ်းကြုံလိုက်လာသည့် အမျိုးသားတစ်ဦးမှာယနေ့အထိပျောက်ဆုံးနေကြောင်း ဦးလွမ်းဝေကဆိုသည်။
ဦးလွမ်းဝေနှင့် ၎င်း၏သားတို့သည် ထိုင်းနိုင်ငံရနောင်းဆေးရုံတွင် ဆေးကုသမူခံယူလျက်ရှိသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာလ၂၃ရက်နေ့တွင် ကော့သောင်းခရိုင်နယ်စပ်ဆက်ဆံရေးရုံးမှ ရဲမှူးသောင်းညွန့်အဖွဲ့သည် ရနောင်းခရိုင်နယ်စပ်ဆက်ဆံရေးရုံးအဖွဲ့တို့နှင့်အတူ ပါနမ်ရဲစခန်းတွင်အမူဖွင့်ခြင်း၊ လှေဆိပ်များတွင်အဆိုပါလှေအားရှာဖွေခြင်းများပြုလုပ်ခဲ့ကြပြီး အမှုမှန်ပေါ်ပေါက်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ကော့သောင်းခရိုင်ရဲတပ်ဖွဲ့ထံမှစုံစမ်းသိရှိရသည်။
Post a Comment