0

မြိတ်၊ ဒီဇင်ဘာ ၂၆
မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လွတ်လွတ်ကျေးရွာရှိ ၅၀မဂ္ဂါဝပ်ထုတ်ကျောက်မီးသုံးလျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို အကောင်အထည်ဖော်မည့် သန်းဖြိုးသူသတ္တုတွင်းလုပ်ငန်းကုမ္ပဏီလီမိတက်မှ ဒီဇင်ဘာလ၂၆ရက်ကပြုလုပ်သည့်အခမ်းအနားမှာ ခေါင်းစဉ်နှင့်တက်ရောက်သူများ လက်မှတ်ထိုးစာရွက်တွင် ရေးထားသည့်ခေါင်းစဉ် ကွဲလွဲနေကြောင်း အခမ်းအနားတက်ရောက်သူအချို့ထံမှသိရသည်။
ယင်းကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပေးမည့်စာသင်ကျောင်းအတွက် ယင်းနေ့နံနက်၁၀နာရီအချိန်ခန့်က စီမံကိန်းဝင်းအတွင်းအခမ်းအနားပြုလုပ်ခဲ့ရာ တက်ရောက်သူလက်မှတ်ထိုးစာရွက်တွင် “မြိတ်၅၀မဂ္ဂါဝပ်ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း ဒေသခံပြည်သူများနှင့် ရှင်းလင်းဆွေးနွေးသဘောဆန္ဒခံယူခြင်းအခမ်းအနား”ဟု ရေးထားကြောင်း အခမ်းအနားတက်ရောက်သူများကပြောပြသည်။
“ကျောင်းဆောက်လုပ်ပေးမှာကိုတော့ သဘောတူပါတယ်၊ ဒါပေမဲ့လက်မှတ်ထိုးစာရွက်မှာက ခေါင်းစဉ်တစ်မျိုးဖြစ်နေတယ်ဆိုတော့ ပွင့်လင်းမြင်သာမှုမရှိဘူး”ဟု အခမ်းအနားတက်ရောက်လာသူ ဦးထိန်လင်းအင်ကပြောသည်။
အခမ်းအနားသို့ ကျောင်းကိစ္စအတွက်သာခေါ်ထားသည့်အတွက် လက်မှတ်များကိုကျောင်းကိစ္စအတွက်တက်ရောက်လာသူအဖြစ်သာ ထိုးခဲ့ကြခြင်းဖြစ်ကြောင်း လက်မှတ်ထိုးခဲ့သည့်လွတ်လွတ်ရွာသားတချို့ကပြောသည်။
အဆိုပါကိစ္စကို ယင်းစီမံကိန်း၏အမှုဆောင်ဒါရိုက်တာဦးမျိုးဝင်းသန်းအားမေးမြန်းရာ စီမံကိန်းအကြောင်းရှင်းလင်းချပြခြင်းဖြစ်ပြီး စာသင်ကျောင်းတည်ဆောက်ရေးကိစ္စ အဓိကဆွေးနွေးခဲ့ကြောင်းပြောသည်။
“ဒီကိစ္စကိုကျွန်တော်မသိလိုက်ရဘူး၊ ပြန်ပြင်ပေးလိုက်ပါမယ်”ဟု ဦးမျိုးဝင်းသန်းကပြောသည်။
လက်မှတ်ထိုးသည့်စာရွက်များတွင် ပထမဆုံးတစ်ရွက်သာခေါင်းစဉ်ပါပြီး ကျန်သည့်စာရွက်များတွင်ခေါင်းစဉ်မပါသည့်ကိစ္စ၊ အခမ်းအနားခေါင်းစဉ်နှင့် လက်မှတ်ထိုးစာရွက်ခေါင်းစဉ်မတူသည့်ကိစ္စနှင့်ပတ်သက်ပြီး ဒေသခံအများစုကကုမ္ပဏီအား တစ်စုံတစ်ရာပြောဆိုခြင်းမရှိခဲ့ပေ။
ယခင်ကပြုလုပ်သည့်အခမ်းအနားများတွင် ယင်းသို့လက်မှတ်ထိုးခိုင်းကာ စက်ရုံကိုထောက်ခံသကဲ့သို့လုပ်သည်ကိုကြုံဖူးသည့်အတွက် ယခုပွဲတွင်လက်မှတ်မထိုးဖြစ်ဟု လွတ်လွတ်ရွာသားဦးသိန်းထွန်းကပြောသည်။
လက်ရှိခေါင်းစဉ်ကွဲလွဲသည့်ကိစ္စနှင့်ပတ်သက်ပြီး ကုမ္ပဏီဘက်သို့တစ်စုံတစ်ရာတောင်းဆိုရန်မူ အခြားသူများနှင့်တိုင်ပင်ကာပြုလုပ်သွားမည်ဟု ဦးသိန်းထွန်းကပြောသည်။
လက်ရှိလွတ်လွတ်ရွာရှိအခြေခံပညာမူလတန်းကျာင်းကို ယင်းကုမ္ပဏီမှနှစ်ထပ်ကျောင်းတစ်ဆောင်အစားထိုးဆောက်လုပ်ပေးမည်ကို ကျောင်းအုပ်ဆရာမကြီးနှင့်လွတ်လွတ်ရွာသားများက သဘောတူခဲ့သည်။
လွတ်လွတ်ကျေးရွာတွင် တည်ဆောက်မည့် ၅၀မဂ္ဂါဝပ်ထုတ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို သန်းဖြိုးသူသတ္တုတွင်းလုပ်ငန်းကုမ္ပဏီလီမိတက်က တာဝန်ယူလုပ်ကိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏ခွင့်ပြုချက်ရရှိပါက စက်ရုံအဆောက်အဦးလုပ်ငန်းများကို စတင်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီမှသိရသည်။
အဆိုပါကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံသည် လွတ်လွတ်ကျေးရွာနှင့် အနီးအနားရှိရွာအများစုမှ ဒေသခံရွာသားများ၏ကန့်ကွက်မှုနှင့် ရင်ဆိုင်နေရသည်။


The Voice Weekly

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top