ရန်ကုန်၊ဒီဇင်ဘာ၂၆
အခမဲ့ပညာရေးစနစ်ဖြစ်ရန် ဘဏ္ဍာရေးအပေါ်အခြေခံစဉ်းစားရမည်ဖြစ်သောကြောင့် ဘဏ္ဍာငွေမလုံလောက်၍မလုပ်ဆောင်နိုင်လျှင် ပြည်သူလူထု၏ယုံကြည်မှုဆုံးရှုံးမည်ဖြစ်သောကြောင့် ကတိမပေးချင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
“ဒါကတရားဝင်အားဖြင့်တော့ အစိုးရကပြောထားတာအခမဲ့ပညာရေး၊ ဘာမှမပေးရဘူး၊ မူလတန်းမှာဆိုရင် ပေးနေရတုန်းပဲဆိုတာ အားလုံးသိပါတယ်။ ဒါကျွန်မတို့အနေနဲ့လွယ်လွယ်နဲ့ကတိမပေးချင်ဘူးဆိုတာ ကတိပေးပြီးမတည်လို့ရှိရင်မကောင်းဘူး။ ကျွန်မတို့နိုင်ငံရဲ့ဘဏ္ဍာအပေါ်မှာအခြေခံပြီးတော့ အစိုးရဟာဘယ်လောက်လုပ်နိုင်ပါသလဲဆိုတာကိုလည်း ဒါကိုလည်းစဉ်းစားရတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။
ရွေးကောက်ပွဲအောင်နိုင်ရေး ဝန်းရံပေးကြသော ဆိုက်ကားဆရာများအားတွေ့ဆုံဂုဏ်ပြုပွဲတွင် ဆိုက်ကားဆရာများက မိသားစုအခက်အခဲများနှင့် သားသမီးများ၏ပညာရေးအခက်အခဲများရှိကြောင်း တင်ပြပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
ထို့ပြင်ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပညာရေးဥပဒေတွင် အခမဲ့ပညာရေးအဖြစ် ထည့်သွင်းပြဋ္ဌာန်းရန်တောင်းဆိုကြသော်လည်း အခမဲ့ပညာရေးဟူသည် ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းသုံးအထောက်အကူပစ္စည်း စသည့်အရာများအတွက် မိသားစုဝင်များကပံ့ပိုးပေးရန်မလိုသည့်အဆင့်ရောက်မှသာ အခမဲ့ပညာရေးစနစ်ဟုဆိုနိုင်သောကြောင့် မိမိအနေနှင့်မထည့်လိုဘဲဦးတည်ကြိုးစားမည်ဟု ပြောကြားသည်။
ထိုသို့မပြောဆိုမီ ဒီဇင်ဘာလ ၁၄ရက်က ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ခေါင်းဆောင်ဒေါက်တာသိန်းလွင်က NNER နှင့် NLD ပါတီကြားတွင် ကိုးနှစ်အထိမသင်မနေရပညာရေးတိုးမြှင့်ရေးကို NLD ပါတီကလေးနှစ်ထားရှိရန်၊ တိုင်းရင်းသားဘာသာစကားသင်ကြားခွင့်ကို ကျောင်းအလိုက်စီမံခန့်ခွဲဆုံးဖြတ်ခွင့်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချရေးနှင့် ကျောင်းသားသမဂ္ဂများဖွဲ့စည်းရေးကိစ္စတို့တွင် အဓိကကွဲလွဲကြောင်းပြောကြားထားသည်။
NLD ပါတီ၏ရွေးကောက်ပွဲကြေညာစာတမ်းတွင် နိုင်ငံသားတိုင်းအနည်းဆုံးမူလတန်းပညာရေးတတ်မြောက်ပြီး အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များရရှိရေး၊ ကာယ၊ ဉာဏစွမ်းရည်အားနည်းသူကလေးများ၊ ဆင်းရဲနွမ်းပါးသည့်ကလေးများ၊ ဝေးလံသောဒေသများတွင်နေထိုင်သည့်ကလေးများအတွက် အလေးထားသည့်ပညာရေးအစီအစဉ်များ၊ မိခင်စာပေဘာသာစကားကို မူလတန်းတွင်သက်ဆိုင်ရာပြည်နယ်၊ တိုင်းအစီအစဉ်ဖြင့်ဆောင်ရွက်နိုင်ရန် ထောက်ပံ့မည်ဖြစ်ကြောင်းဖော်ပြထားသည်။
Post a Comment