မန္တလေး၊ ဒီဇင်ဘာ ၂၆
ပြည်တွင်း၌ စတော့ဈေးကွက် ဖွံဖြိုးတိုးတက်လာရေးလုပ်ဆောင်လျက်ရှိရာ မန္တလေး-မြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်အနေနှင့် စတော့ဈေးကွက် သို့ ဝင်ရောက်နိုင်ရန်ပြင်ဆင်ထားကြောင်း အဆိုပါကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာဒေါက်တာထွန်းထွန်းအောင်က ပြောကြားသည်။
လတ်တလောအနေအထားအရကုမ္ပဏီအနေနှင့် ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့် လေ့လာပြီးမှသာ စတော့ဈေးကွက် အတွင်းသို့ ဝင်ရောက်မည်ဟုအဆိုပါကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးအောင်ဝင်းခိုင်က ထုတ်ဖော်ပြောဆိုသည်။
မန္တလေး-မြို့သာအများပိုင် ကုမ္ပဏီသည် မြို့သာစက်မှုဇုန် အခြေခံအဆောက်အဦ တည်ဆောက်ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မျှော်မှန်းသလောက် ဝင်ရောက်မှုမရှိ၍ ပြည်တွင်းကုမ္ပဏီများကို ဖိတ်ခေါ်ထားခြင်းကြောင့် စတော့ဈေးကွက်ဝင်ကုမ္ပဏီများအတွက် သတ်မှတ်ထားသည့် စည်းကမ်းချက် ၁၇ချက်နှင့် ကိုက်ညီနေခြင်းကြောင့် တည်ငြိမ်သည့်အခြေအနေတွင် ယင်းဈေးကွက် အတွင်းသို့ ဝင်ရောက်မည်ဟု ၎င်းက ရှင်းပြသည်။
“စည်းကမ်းချက် ၁၇ ချက်ထဲမှာသုံးနှစ်ဆက်တိုက် အမြတ်ရှိရမယ်ဆိုတာပါနေတဲ့အတွက် အမြတ်ပြနိုင်တဲ့အချိန်ကျမှ စတော့ဈေးကွက်ကိုဝင်မယ်” ဟု မြန်မာသကြားဖွံဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီအုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းဌေးက ဆိုသည်။
မန္တလေး-မြို့သာစက်မှုဖွံဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက်သည် မြို့သာစက်မှုဇုန် စီမံကိန်းအကောင်အထည်ဖော်ရာတွင်၂၀၁၄-၂၀၁၅ ခုနှစ် မတ်လကုန်ထိ မြေကွက်ရောင်းချမှုနှင့် ငှားရမ်းခအဖြစ် ကျပ် ၁၈ ဘီလီယံရရှိခဲ့ပြီး အဆိုပါဘဏ္ဍာနှစ်အတွက် အမြတ်ငွေအဖြစ် အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်ထောင် ၊ ယခု၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ်တွင် အမြတ်ငွေ ၁၂၅၀ ကျပ် တို့ ပေးနိုင်ခဲ့ပြီး ယင်းအများပိုင်ကုမ္ပဏီလီမိတက်၏ ကျပ်တစ်သောင်းတန်ဖိုးရှိ အစုရှယ်ယာတစ်စုလျှင် လက်ရှိ ကျပ်တစ်သောင်းသုံးထောင်ခန့် ဈေးပေါက်လျက်ရှိကြောင်း အဆိုပါ အများပိုင်ကုမ္ပဏီထံမှ သိရသည်။
မန္တလေး-မြို့သာစက်မှုဖွံဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် အကောင်အထည်ဖော်နေသော ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်စီမံကိန်းအတွက် မြေယာလျော်ကြေးပေးရန် တောင်သူ ၁၀ ရာခိုင်နှုန်းနီးပါး ကျန်ရှိနေသေးသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးစတော့ဈေးကွက်ကို ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ထားပြီး အစုရှယ်ယာရောင်းချခြင်းကိုမူ လာမည့် ဖေဖော်ဝါရီလတွင် ဆောင်ရွက်မည်ဖြစ်ကာ လတ်တလောတွင် အစုရှယ်ယာရောင်းချရန်စာရင်းဝင်ထားသည့် အများပိုင်ကုမ္ပဏီခြောက်ခုရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်သိမ်းက ပြောကြားထားသည်။
Post a Comment