0

ဖွေးဖွေးနဲ့ တွေ့ဆုံခြင်း
နာမည်ကျော် သရုပ်ဆောင်ဖွေးဖွေးနဲ့ တွေ့ဆုံပြီး၊ ဆရာဖြစ်သူ ဒါရိုက်တာဝိုင်းရဲ့ မင်္ဂလာပွဲမှာ ပန်းကြဲရတဲ့အပေါ် ခံစားမှု၊ ကားရိုက်တွေ နားထားတဲ့ အကြောင်းရင်းနဲ့ ၂၀၁၆ ခုနှစ်အတွက် အနုပညာ စိတ်ကူးအိပ်မက်များ အကြောင်းတို့ကို The Voice က မေးမြန်းဖော်ပြထားပါတယ်။
(သန့်ဇင်ဦး)
Voice : ဆရာဖြစ်တဲ့ ကိုဝိုင်းရဲ့ အချစ်ရေး အကြောင်းကို ဘယ်တုန်းကတည်းက သိနေခဲ့တာလဲ။
PP : ကိုဝိုင်းက ပြောရရင် အားလုံးကို Surprise လုပ်သွားတာပါ။ ကိုဝိုင်းက အနေအထိုင်လည်း သိုသိပ်ပါတယ်။ ဖွေးတို့က တွေ့ရင် အလုပ်ကိစ္စ အကြောင်းပဲ ပြောဖြစ်တာများတယ်။ ကိုဝိုင်းရဲ့ အချစ်ရေးအကြောင်းကို သိရတာ သိပ်မကြာသေးဘူး။ ကိုဝိုင်းက သီးချိန်တန်သီး၊ ပွင့်ချိန်တန် ပွင့်ရမယ့် အရွယ်ထက်တောင် လွန်နေပါပြီ။ ကိုဝိုင်း ဒီလိုမျိုး စွံသွားတာ အရမ်းဝမ်းသာပါတယ်။
Voice : မင်္ဂလာဆောင်မှာ ပန်းကြဲပေးတာက ကိုဝိုင်း မင်္ဂလာဆောင်က ပထမဆုံး အတွေ့အကြုံပဲလား။
PP : ပန်းကတော့ ခဏခဏ ကြဲဖူးပါတယ်။ ဒါပေမဲ့ ဒီတစ်ခေါက် ပန်းကြဲရတာတော့ အပျော်ဆုံးနဲ့ ရင်အခုန်ဆုံးပဲ။ တစ်မျိုးလေးပဲ။ ကိုယ့်ဆရာရဲ့ မင်္ဂလာဆောင် ဆိုတော့လေ။ ကိုဝိုင်းတို့ ဇနီးမောင်နှံ ရှေ့ဆက်ရမယ့် ဘဝခရီးမှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အပြန်အလှန် ဖေးမပြီးတော့ ပျော်ပျော်ရွှင်ရွှင် လက်တွဲနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
Voice : ဒါကတော့ ဆရာဖြစ်တဲ့ ကိုဝိုင်းရဲ့ မင်္ဂလာဆောင်မှာ ပန်းကြဲပေးတာပေါ့။ ကိုယ့်အလှည့်ကရော ဘယ်တော့လောက် ဖြစ်မလဲ။
PP : အဲ့ဒါကတော့ အဝေးကြီးပါပဲ။ ဖွေးက အပျိုကြီးတောင် ဖြစ်ချင်ဖြစ်မှာပါ။ သူများတွေ မင်္ဂလာဆောင်ကို ကြည့်ရတာတော့ ပျော်တယ်။ ကိုယ်တိုင်မင်္ဂလာဆောင်ရမှာတော့ ကြောက်တယ်။ အဲ့ဒီအကြောင်းကို စိတ်ကူးယဉ်ထားတာမျိုးလည်း မရှိဘူး။
Voice : အဲ့ဒါက အချစ်ကို စိတ်ကုန်သွားတာနဲ့ရော ဆိုင်မလား။
PP : အဲ့ဒီလို မဟုတ်ပါဘူး။ ဖွေး အခုလို တစ်ယောက်တည်း နေရတာက ပိုပြီးအဆင်ပြေတယ်။ ကိုယ့်ဟာကိုယ် လွတ်လွတ်လပ်လပ်လည်း နေလို့ရတယ်။ ကိုယ်က ဒီအနုပညာ အလုပ်ကိုပဲ ချစ်နေတယ်။ မင်္ဂလာဆောင်ဖို့ ဆိုတာကတော့ အဝေးကြီးမှာပါပဲ။ သူများသားသမီးကိုလည်း ဒုက္ခမပေးချင်ဘူး။
Voice : ကားရိုက်တွေလည်း နားထားတယ်လို့ ကြားတယ်။ ဘယ်လိုကြောင့် ကားရိုက်နားဖြစ်တာလဲ။
PP : ဖွေးကားရိုက်တွေ နှစ်လလောက်နားမယ်။ ၂၀၁၆ အတွက် ဖွေးပုံစံတစ်မျိုး ပြောင်းချင်လို့ပါ။ အလုပ်နားတော့မှပဲ Gym တွေ ဘာတွေလည်း သေချာပြန်ကစားဖြစ်မှာပါ။ Stress တွေ အရမ်းများရင် မျက်နှာတွေ ကျတယ်လေ။ အလုပ်လေး နားပြီးတော့ ခရီးတွေလည်း သွားချင်တယ်။ အပြင်မှာ ဘာတွေဖြစ်နေလဲဆိုတာ လေ့လာဖို့လည်း လိုတယ်လေ။ ကားရိုက်ထဲမှာပဲ ပိတ်မိနေလို့ မရဘူးလေ။
Voice : ကိုယ်အလေးချိန်ချဖို့ကျတော့ Gym ကို ဘယ်လိုအချိန်ပေးပြီး ကစားဖြစ်မှာလဲ။
PP : ဖွေးက မပိန်ချင်ဘူး။ အဓိကကတော့ ကျန်းကျန်းမာမာနဲ့ ကြံ့ကြံ့ခိုင်ခိုင်ပုံစံမျိုး ဖြစ်ချင်တာ။ အရမ်းလည်း မပိန်ချင်ဘူး။ အရမ်းလည်း မဝချင်ဘူး။ ပုံမှန်လေးပဲ ဖြစ်ချင်တယ်။ ငယ်ငယ်တုန်းကတော့ ကာရိုက်တာဝင်အောင် ဆိုပြီး ကိုယ်အလေးချိန်ချတယ်။ အပြင်မှာတော့ ကားရိုက်မရှိဘူးဆိုရင် စားချင်တာ စားတာပဲ။
Voice : ကားရိုက်နားထားတဲ့ နှစ်လအတွင်းမှာ ဘယ်လိုအကြောင်းအရာတွေကို လေ့လာဖြစ်မလဲ။ ဘာတွေလုပ်ဖြစ်မလဲ။
PP : လောလောဆယ်တော့ ကားရိုက်ဖို့အတွက် ကိုဝိုင်းပေးထားတဲ့ ဝတ္ထုတွေ ဖတ်နေတယ်။ ရုပ်ရှင်တွေ ထိုင်ကြည့်တယ်။ ကားရိုက်နေတုန်း လွတ်သွားတဲ့ဟာတွေ အကုန်လုံးကို လိုက်လေ့လာတယ်။ နိုင်ငံရေးစာအုပ်တွေ ဖတ်ဖြစ်တယ်။ အချစ်ဝတ္ထုတွေတော့ မဖတ်ဘူး။ ဖွေးတို့က အချစ်ကားတွေပဲ ရိုက်နေရတာဆိုတော ငြီးငွေ့တယ်။
Voice : ၂၀၁၆ မှာရော ဖွေးဖွေးကို ဘယ်လိုပုံစံသစ်နဲ့ ပြန်မြင်ရမလဲ။
PP : အရမ်းထူးထူးခြားခြားကြီး မဟုတ်ပါဘူး။ ဒီအတိုင်း စိတ်သစ်လူသစ်နဲ့ အလုပ်တွေ လုပ်ချင်တာပါ။ ၂၀၁၆ ထဲမှာ ကိုဝိုင်းနဲ့ ကားကြီးတစ်ကား ရိုက်ဖို့ရှိတယ်။ အဲ့ဒီကားမှာ ဖွေးက ဗီလိန်လုပ်ရမှာ။ မင်းသားကတော့ ကိုဝိုင်းက အသစ်တင်ဖို့ များတယ်။ နောက်နှစ်ထဲမှာ ကားကြီးက သုံးကားလောက်တော့ လက်ခံထားတယ်။ တချို့ ကားတွေကတော့ ဇာတ်မသိရသေးဘူး။
Voice : ဗီဒီယိုကားတွေ အရိုက်နည်းပေမယ့်၊ ထွက်လာတဲ့ ကားတိုင်းကတော့ ပရိသတ်တွေ ကြိုက်ကြတယ် နော်။ အဲ့ဒါကျတော့ ဇာတ်လမ်း ဘယ်လိုရွေးဖြစ်လဲ။
PP : ဗီဒီယို ဆိုပြီးတော့လည်း ဖွေးက ပေါ့ပေါ့တန်တန် မလုပ်ချင်ဘူး။ ကိုယ့်အတွက်ရော ပရိသတ်အတွက်ရော လောဘကြီးတယ်။ ပရိသတ်အတွက် တစ်ခုခု ရသွားစေချင်တယ်။ အဓိကကတော့ အချစ်ကားချည်းပဲထက်၊ လူငယ်တွေကို အသိပညာပေးမယ့် ဇာတ်ကားမျိုးတွေ ပိုရိုက်ချင်တယ်။ ဥပမာ- လူငယ်တွေကို အားကစား ဝါသနာ ပါလာအောင် လှုံ့ဆော်ပေးတဲ့ ကားမျိုးပေါ့။
Voice : ၂၀၁၅ ခုနှစ်ကို ပြန်သုံးမယ်ဆိုရင် ကိုယ့်အတွက် ကျေနပ်စရာကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ရဲ့လား။
PP : ၂၀၁၅ ခုနှစ်ကတော့ ဖွေးရဲ့ ဘဝတစ်သက်တာမှာ အမှတ်တရ အဖြစ်ဆုံး နှစ်တစ်နှစ်လို့ ပြောလို့ရတယ်။ ဖွေးရဲ့ကားကြီးတွေ ဆက်တိုက်ရုံတင်ဖြစ်တယ်။ ၂၀၁၅၊ ဇန်နဝါရီလကစပြီး၊ သက်တံ့သစ်၊ အွန်လိုင်းပေါ်က ဝိညာဉ်၊ ကျူးပစ်ရဲ့ကျေးကျွန်၊ ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားတွေ ရုံတင်ခဲ့တယ်။ ၂၀၁၅ ကတော့ ဖွေးအတွက် ဘယ်တော့မှ မမေ့နိုင်မယ့် နှစ်တစ်နှစ်ပါ။

Post a Comment

 
Top