0


အောက်တိုဘာ ၅ ရက် ရုံးထုတ်သည့်နေ့က ရေပူဆရာတော်အား တွေ့ရစဉ်
ကျောက်မျက်မှုနှင့် ပတ်သက်၍ ရေပူဆရာတော် ရုံးထုတ်တွင် ဆရာတော်မှ ၎င်းသာ မဘသအဖွဲ့ဝင် ဆရာတော်တစ်ပါး ဖြစ်ခဲ့လျှင် အစိုးရမှ ယခုကဲ့သို့ လုပ်ဆောင်မည် မဟုတ်ကြောင်း မိန့်ကြားခဲ့ပြီး ကျောက်မျက်အမှုတွဲကို အစအဆုံး ပြန်လည်စစ်ဆေး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မျက်မှုနှင့် ရေပူဆရာတော် ရုံးထုတ်ကို အောက်တိုဘာ ၅ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ပြုလုပ်ခဲ့ပြီး ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဦးသိန်းသန်းဦးက ကျောက်မျက်မှုနှင့် ပတ်သက်ပြီး တရားလိုနှင့် လိုပြသက်သေများအား ပြန်လည်စစ်ဆေးခွင့်ပြုရန် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေးက လက်ခံကြောင်း ပြန်လည်ပြောကြားခဲ့သည်။

သာသနာညှိုးနွမ်းစေမှု၊ သစ်စုပုံထားရှိမှုနှင့် ကျောက်မျက်မှုတို့ဖြင့် တရားရင်ဆိုင် နေရသည့်အပေါ် ရေပူဆရာတော်က “အစိုးရအနေနဲ့ သူတို့ကို မထောက်ခံတဲ့ အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်နဲ့ ရဟန်းတွေကို အခုလိုမျိုး မတရား အမှုတွေတပ်ပြီး လုပ်တယ်ဆိုတာ ပေါ်လွင်စေပါတယ်။ ဆရာတော်သာ မဘသ အဖွဲ့ဝင် ရဟန်းတစ်ပါး ဖြစ်ခဲ့ရင် အစိုးရအနေနဲ့ အခုလိုမျိုးလုပ်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်” ဟု ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ရောက်ရှိချိန်တွင် ပြောကြားခဲ့သည်။

“ကျောက်မျက်မှုနဲ့ ပတ်သက်ပြီး ပထမက ခရိုင်တရားသူကြီး ဒေါ်သဇင်ရွှေဆီမှာ တရားလိုနဲ့ သက်သေတွေကို စစ်ဆေးခဲ့တယ်။ စစ်ဆေးပြီးခဲ့တဲ့ အခြေအနေအရ အခက်အခဲတွေ အများကြီး ရှိသလို ထူးခြားချက်တွေလည်း ရှိတယ်။ အခုအနေအထားက တရားသူကြီးလည်း ပြောင်းသွားသလို တရားခွင်လည်း ပြောင်းသွားတဲ့အတွက် တရားလိုနဲ့ လိုပြသက်သေတွေရဲ့ ကိုယ်အမူအရာ၊ နှုတ်အမူအရာတွေကို အခုတရားသူကြီး သိစေ၊ မြင်စေချင်လို့ အစအဆုံး ပြန်စစ်ဆေးဖို့ လျှောက်ထားခဲ့တာပါ” ဟု ရေပူဆရာတော်၏ အကျိုးတော်ဆောင် တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ယခုတစ်ကြိမ် ရုံးထုတ်တွင် စေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် စက်ယန္တရားအား သက်ဆိုင်ရာမှ သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းထားရှိမှုအပေါ် စက်ပိုင်ရှင်မှ စက်အားအာမခံ လျှောက်ထားရာ တရားရုံးမှ လာမည့်ရုံးချိန်းတွင် အာမခံ ပေးသင့်၊ မပေးသင့် အမိန့်ချသွားမည် ဖြစ်ကြောင်း သိရသည်။

သာသနာညှိုးနွမ်းစေမှုနှင့် ပတ်သက်၍ အဓိကတရားလို ဦးဖေစိန်၏ ထွက်ဆိုချက်များမှာ  တိကျသေချာမှု မရှိသည့်အတွက် အမှုကို ချေဖျက်ပေးရန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် တင်လျှောက်ထားရှိကြောင်း၊ ကျောက်မျက်အမှုနဲ့ ပတ်သက်၍လည်း ရုံးပြောင်းစစ်ဆေးခွင့်ပြုရန် တိုင်းဒေသကြီး တရားလွှတ်တော်တွင် တင်ပြထားရှိပြီး တိုင်းတရားလွှတ်တော်မှ တုံ့ပြန်မှုမရခင် အချိန်အထိ ယခုကဲ့သို့ ရုံးထုတ်စစ်ဆေးမှုများ ပုံမှန်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်း ဆရာတော်အား တရားမ၀င် ကျောက်မျက်တူးဖော်ခြင်းနှင့် သစ်စုပုံထားခြင်း အပါအ၀င် စေတီများ ဖြိုဖျက်မှုဖြင့် ဇွန် ၉ ရက် ညပိုင်းက လူဝတ်လဲ၍ ၀င်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများ ဖြိုဖျက်မှုနှင့် ပတ်သက်၍ (ပ)၆၄ /၂၀၁၅ ပြစ် မှုပုဒ်မ ၂၉၅ ဖြင့် လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ)၆၃/၂၀၁၅ မြန်မာ့ကျောက်မျက် ရတနာဥပဒေ ပုဒ်မ ၄၁ (က) (ခ) အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂ (ခ)ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

ရေပူကျောင်း ဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ် တရားရုံးတွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင်ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ ပြင်ဦးလွင် ခရိုင်တရားရုံးတွင်  လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် သာသနာညှိုးနွမ်း စေမှုတို့ကို ပြင်ဦးလွင် မြို့နယ်တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

ကျောက်မျက်မှုနှင့် ပတ်သက်၍ အောက်တိုဘာ ၁၄ ရက်တွင် ရုံးထုတ်သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာ ညှိုးနွမ်းစေမှုကို အောက်တိုဘာ ၇ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင်က ရေပူကျောင်း ဆရာတော်ကို မိုးကုတ်မြို့ တောင်ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှစတင်၍ ယနေ့အချိန်အထိ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။                                              



Writer:
အောင်သူ
http://news-eleven.com/

Post a Comment

 
Top