ရန်ကုန်၊ စက်တင်ဘာ ၂၃
မိသားစုတစ်ဦးချင်း ဝင်ငွေ နေ့စဉ် နှစ်ဒေါ်လာအောက်သာ ရရှိမှုကြောင့် မြန်မာကလေးသူငယ် ၁၀ သန်းကျော်မှာ ဆင်းရဲမွဲတေမှုဖြင့် ရင်ဆိုင်နေရကြောင်း Unicef နှင့် Save the Children တို့က ပူးတွဲထုတ်ပြန်လိုက်သည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ Summit ParkView ဟိုတယ်၌ စက်တင်ဘာလ ၂၃ ရက်နေ့က ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
အစိုးရ၏ ပြုပြင်ပြောင်းလဲမှုမှာ ကလေးများအတွက် အကျိုးရှိခဲ့သော်လည်း ၎င်းတို့အတွက် အဓိကကျသည့် လုပ်ငန်းများတွင်မူ ရင်းနှီးမြှုပ်နှံမှု မလုံလောက်သေးကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ လက်ရှိလူဦးရေ၏ ၃၄ ရာခိုင်နှုန်းသည် ကလေးများဖြစ်ပြီး ဆင်းရဲမှုနှင့် ရင်ဆိုင်နေရသည့် လူဦးရေ၏ ထက်ဝက်ပမာဏ ရှိကြောင်း၊ ကလေးငယ် ၃၀ ရာခိုင်နှုန်းမှာ သန့်ရှင်းသည့် သောက်သုံးရေမရရှိဘဲ ကျန်လေးပုံ လေးပုံတစ်ပုံမှာ အိမ်သာသုံးစွဲနိုင်ခြင်း မရှိကြောင်း အဆိုပါအဖွဲ့များ၏ တာဝန်ရှိသူများက ပြောဆိုသည်။
“ကလေးတွေ ဆင်းရဲမှုထဲ ရောက်ရှိနေတဲ့ နေရာမှာ ဒီလိုကြီးမားတဲ့ ကိန်းဂဏန်းတွေ တွေ့ရင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေခက်ပြီး အကုန်ကျများနိုင်တယ်လို့ တွေးမိကောင်း တွေးမိနိုင်ပါလိမ့်မယ်။ အဲဒီလိုတွေးတာ မမှန်ပါဘူး။ ကလေးတွေ ရှင်သန်သင်ယူနိုင်ဖို့နဲ့ ကာကွယ်စောင့်ရှောက်မှုရဖို့ နည်းလမ်းတွေ ရှိပါတယ်” ဟု Save the Children မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် Mr. Kelly Stevenson က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှု ၀ ဒသမ ၆ ရာခိုင်နှုန်းသာ သုံးစွဲရုံဖြင့် မွေးကင်းစအရွယ်မှ အသက် ၂ နှစ်အထိ အာဟာရနှင့် အသက်ရှင်နိုင်မည့် အခွင့်အလမ်းများကို ထောက်ပံ့နိုင်မည်ဖြစ်ကြောင်း UNICEF မှ မြန်မာနိုင်ငံ ဌာနေ Mr. Bertrand Bainvel က မှတ်ချက်ပြုသည်။
“နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းတွေ အနေနဲ့ ကလေးသူငယ်များအရေး ဦးစီးပေး လုပ်ဆောင်ပေးဖို့ နှိုးဆော်ပါတယ်။ ကလေးများအတွက် ရင်းနှီးမြုပ်နှံပြီး မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုကို လုံခြုံစိတ်ချရအောင် လုပ်ဆောင်ကြဖို့ လိုပါတယ်” ဟု ၎င်းက တိုက်တွန်းပြောကြားသည်။
နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ အနေနှင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ပါတီမူဝါဒများတွင် ထည့်သွင်းဆောင်ရွက် အကောင်အထည်ဖော်နိုင်ရန် ကလေးသူငယ် အခွင့်အရေး ဆောင်ရွက်ရေးအဖွဲ့ (NCRWG) ဝင်များ၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကလေးများနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တွေ့ဆုံသွားမည်ဖြစ်ကြောင်း Unicef နှင့် Save the Children ကိုယ်စားလှယ်များက ပြောဆိုသည်။

Post a Comment