မြောင်းမြမြို့ ရန်မနိုင်တိုက်နယ် ကွင်းပေါက်ကြီးကျေးရွာတွင် စက်တင်ဘာ ၂၂ ရက် ညနေပိုင်း၌ ကွင်းပေါက်ကြီးကျေးရွာ ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကွင်းပေါက်လေးကျေးရွာ မဲရုံကိုယ်စားလှယ်အား ထိုးကြိတ်မှုတစ်ခု ဖြစ်ပွားခဲ့မှုကို မြောင်းမြမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အောင်နိုင်ရေးအဖွဲ့မှ စက်တင်ဘာ ၂၅ ရက်တွင် ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားမှု ပြုခဲ့ကြောင်း သတင်းရရှိသည်။
“ကျွန်တော်ဘုန်းကြီးကျောင်းက ပြန်လာတဲ့အချိန်မှာ ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးလို့ ဆိုင်းဘုတ်တင်ထားတဲ့ အိမ်ကနေ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွန်းက အရက်မူးပြီးတော့ လှမ်းခေါ်ပါတယ်။ မင်းတို့က ဘာလုပ်တာလဲ။ ဆန္ဒပြ သွားတာလားလို့ မေးတယ်။ ကျွန်တော်က မဟုတ်ပါဘူး အစ်ကိုရယ်။ ဆန္ဒပြတယ်ဆိုတာ ဆူပူတာမို့ ကျွန်တော်တို့ မလုပ်ပါဘူး။ ကျွန်တော့်ကိစ္စနဲ့ ကျွန်တော် သွားတာပါ။ အဲဒီအချိန်မှာ ဦးတင်ထွန်းက ဆက်ပြီးတော့ ကျွန်တော်တို့ ပါတီက ရပ်/ကျေး တာဝန်ရှိသူ ဆရာမ ဒေါ်ခင်မာခိုင်ကို ပြောလိုက်ပါ ဦးတင့်ဆန်း အကြောင်းနဲ့ ဦးခင်ရီအကြောင်းကို ပြောရင် ဖမ်းချုပ်မယ်။ ထောင်ချမယ်လို့ ပြောပါတယ်။ ကျွန်တော်က ဒါကို ကိုယ့်ဘာသာ သွားပြောပါလား။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ လို့ပြောတော့ မင်းက ----- -- သားပဲကွလို့ ပြောပြီးတော့ ကျွန်တော့်ကို လေး၊ ငါး၊ ခြောက်ချက်လောက် ထိုးပါတယ်။ လူတွေက ၀ိုင်းဖျန်ဖြေလို့ ပြီးသွားတော့ ဦးတင်ထွန်းက ပြောတယ်။ မင်းဘယ်လိုပုံစံနဲ့ သေချင်လဲ။ ကျွန်တော့်ကို မေးသေးတယ်။ အိမ်ပြန်လာတော့ နောက်ကနေလိုက်လာပြီး ကျွန်တော့်ကို အိမ်ရှေ့အိမ်က ပုဆိန်ကို ယူပြီးတော့ ကျွန်တော့် အသက်အန္တရာယ်ကို ရန်ပြုပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျေးရွာအုပ်ချုပ်ရေးမှူးကို တိုင်ကြားတော့ မထူးလို့ ကျွန်တော်အောင်နိုင်ရေးအဖွဲ့ကို လာတိုင်တာပါ” ဟု ကွင်းပေါက်ကြီးကျေးရွာ NLD ပါတီ၏ မဲရုံ ကိုယ်စားလှယ် ဦးမျိုးလွင်က ပြောကြားသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးအဖွဲ့မှ ကော်မရှင် အဆင့်ဆင့်သို့ တိုင်ကြားသွားမည်ဖြစ်ပြီး လိုအပ်ပါက တရားစွဲဆိုမှုများကိုပါ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
Writer:
မင်းသူဝင်းထွဋ်
မင်းသူဝင်းထွဋ်
Post a Comment