0


ဒေါ်အောင်ဆန်းစုကြည် ဟုမ္မလင်းမြို့တွင် ရွေးကောက်ပွဲဆိုင်ရာ ပညာပေး ဟောပြောပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-မျိုးမင်းထက်)
၂၀၁၅ ရွေးကောက်ပွဲတွင် မတရားမှုများ ရှိပါက NLD ပါတီ အနေဖြင့် ငြိမ်ခံနေမည် မဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲ ကိစ္စများနှင့် ပတ်သက်ပြီး တချို့ပါတီနှင့် ပုဂ္ဂိုလ်များ၏ စည်းမျဉ်းစည်းကမ်းများ ချိုးဖောက်ကာ လုပ်ခဲ့မှုများကို တိုင်ထားသော်လည်း လက်ရှိအထိ အရေးယူခြင်း မရှိသေးကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့တွင် ရွေးကောက်ပွဲအောင်နိုင်ရေး လူထုဟောပြောပွဲတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲတွင် ကြိုတင်မဲများကို အလွဲသုံးစားလုပ်ကာ ရွေးကောက်ပွဲ ရလဒ်များကို ပြောင်းလဲစေခဲ့ခြင်းများ ရှိကြောင်းနှင့် ယခု ၂၀၁၅ ရွေးကောက်ပွဲတွင် မတရားမှုများ ရှိပါက NLD ပါတီ အနေဖြင့် ငြိမ်ခံနေမည် မဟုတ်ကြောင်း ပြောကြားသည်။

“ကြိုတင်မဲ ဆိုတာကို အင်မတန်မှ သတိထားရမယ်နော်။ ကြိုတင်မဲဆိုတာ လူတိုင်းပေးနိုင်တာ မဟုတ်ပါဘူး။ ဘယ်လို ပုဂ္ဂိုလ်များသာ ကြိုတင်မဲပေးပိုင်ခွင့် ရှိတယ်ဆိုတာ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်တွေ ရှိပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲဆိုတဲ့ အသုံးအနှုန်းနဲ့ ကြိုတင်မဲတွေကို အလွဲသုံးစား လုပ်ပြီးတော့ ရွေးကောက်ပွဲ ရလဒ်ကို အများကြီး ပြောင်းသွားစေတယ်လို့ ကျွန်မတို့ ဒီလိုပဲ နားလည်ခဲ့ပါတယ်။ ဥပမာ ကျွန်မ တစ်ခုပြောချင်ပါတယ်။ ကယားကို မကြာခင်က ရောက်တုန်းက မြို့နယ်တစ်နယ်ကို သွားတယ်။ မြို့နယ်က ဘယ်လိုရှင်းပြလဲဆိုတော့ အဲဒီမြို့နယ်မှာက မဲဆန္ဒရှင် သုံးထောင်ကျော်လောက်ပဲ ရှိတယ်။ သူတို့က ပြောတယ်။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက နိုင်သွားတဲ့ ကိုယ်စားလှယ်ဟာ ကြိုတင်မဲက သုံးထောင်ရတယ်တဲ့။ နောက်ပြီးတော့ မဲရုံမှာ သွားပြီးတော့ မဲပေးတဲ့ ပုဂ္ဂိုလ်က ရှစ်ယောက်ပဲ ရှိပါတယ်တဲ့။ အဲဒီလိုမျိုးတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ ၂၀၁၀ တုန်းကတော့ ကန့်ကွက်မယ့်ပုဂ္ဂိုလ် ကန့်ကွက်မယ့်ပါတီ မရှိတော့ ဒ်ီလိုမျိုး ကိစ္စတွေ ဖြစ်ခဲ့တယ်။ ဒီ ၂၀၁၅ မှာတော့ ကျွန်မတို့က ခံမှာ မဟုတ်ဘူး။ ဒီလို မတရား လုပ်လို့ရှိရင် ကျွန်မတို့ဟာ ဥပဒေဘောင် အတွင်းကနေ ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်မှာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲနှင့် ပတ်သက်ပြီး တချို့ပုဂ္ဂိုလ်များနှင့် တချို့ပါတီများက စည်းမျဉ်းစည်းကမ်း ချိုးဖောက်ကာ လုပ်ခဲ့မှုများ ရှိသည့်အတွက် ရွေးကောက်ပွဲ ကော်မရှင်ကို NLD မှ တိုင်ထားကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“အခုလည်း ရွေးကောက်ပွဲကိစ္စနဲ့ ပတ်သက်လို့ တချို့ပုဂ္ဂိုလ်များ တချို့ပါတီများဟာ စည်းမျဉ်းစည်းကမ်း ချိုးဖောက်ပြီး လုပ်ခဲ့တာတွေ တိုင်ထားပါတယ်။ တိုင်ထားပေမယ့် အခုထိတော့ အရေးယူတာတော့ မရှိသေးပါဘူး။ မရှိသေးပေမယ့်လည်း ကျွန်မတို့က ဆက်ပြီးတော့ တိုင်မှာပဲ။ နည်းနည်းတော့ တန့်သွားတယ်။ အဲဒီလို လုပ်တဲ့သူတွေ။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေဟာ မတရားလုပ်တာတွေ ကြည့်မနေပါနဲ့။ မတရား လုပ်တာကို မြင်လျက်နဲ့ မသိချင်ယောင် ဆောင်နေတာဟာ မတရားလုပ်တာကို အားပေးအားမြှောက်လုပ်ရာ ရောက်ပါတယ်။ ဒါကြောင့် အဲဒီလို မတရားလုပ်ရင် မခံပါနဲ့။ ကျွန်မတို့ တတ်နိုင်သမျှ ပညာပေးတာတွေ လုပ်ပါမယ်။ ဒီမိုကရေစီ ချစ်မြတ်နိုးတဲ့ အနုပညာရှင်တွေကလည်း ဒီလို ပညာပေးတဲ့ အစီအစဉ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အစီအစဉ်တွေ ရှိတယ်လို့ ကျွန်မတို့ နားလည်ပါတယ်။ ပြည်သူတွေအားလုံး ၀ိုင်းဝန်းပြီးတော့ ကူညီကျပါလို့ မေတ္တာရပ်ခံပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ဟာ ရွေးကောက်ပွဲမှာ နိုင်လို့ရှိရင် တိုင်းရင်းသားတွေ အပါအ၀င် ဒီနိုင်ငံရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အားလုံးနဲ့ လက်တွဲပြီး ခေါ်ချင်ပါတယ်။ ဘယ်သူ၊ ဘယ်ဝါက ဒီလူက ရန်သူဆိုပြီးတော့ ကျွန်မတို့ စိတ်ထဲမှာ လုံးဝမထားပါဘူး။ ပြိုင်ဘက်ဟာ ပြိုင်ဘက်ပဲ။ ပြိုင်ဘက်ဟာ ရန်သူ မဟုတ်ဘူး” ဟု ဆိုသည်။

ရွေးကောက်ပွဲ ၀င်ပြိုင်ခြင်းသည် ပြည်သူ၏ ယုံကြည်မှုကို တောင်းခံခြင်းဖြစ်ပြီး အနိုင်ရပါက ပြည်သူကို အကျိုးပြုမည့် အစိုးရတစ်ရပ် ထူထောင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဟုမ္မလင်းမြို့တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲအောင်နိုင်ရေး လူထုဟောပြောပွဲသို့  မြို့ခံပြည်သူလူထု အပါအ၀င် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံလူထု အများအပြား တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Post a Comment

 
Top