0

ရန်ကုန်၊ စက်တင်ဘာ ၁၉
တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးမည့်ရက် သတ်မှတ်နိုင်ရေး အစည်းအဝေး ပြုလုပ်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ကို ဖိတ်ခေါ်ထားသော်လည်း စက်တင်ဘာလ ၁၉ ရက် ညနေ ၆ နာရီအချိန်ထိ လက်နက်ကိုင် ၈ ဖွဲ့သာ တက်ရောက်မည်ဟု အကြောင်းပြန်ထားကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။
“ကျွန်တော်တို့ ၁၅ ဖွဲ့ကို ဖိတ်ထားတယ်။ ဒါပေမဲ့ အခုထိ ၈ ဖွဲ့ပဲ တက်မယ်လို့ အကြောင်းကြားထားသေးတယ်။ ဒါပေမဲ့ အခုလုပ်မယ့်ပွဲက ပေါ်လစီအတွက် ဆွေးနွေးပွဲ မဟုတ်ဘူး။ အခမ်းအနားတွေ ဘယ်လိုလုပ်မလဲ ဆိုတာကို အစိုးရဘက်က ဖက်စပ်ညှိနှိုင်းဖို့ ဖိတ်ခေါ်တာပါ။ တချို့အဖွဲ့တွေကတော့ သူတို့ဆီမှာ အရေးကြီးအစည်းအဝေးတွေ ရှိလို့ မတက်နိုင်ဘူးဆိုပြီး ဖုန်းဆက်အကြောင်းကြားတာလည်း ရှိတယ်” ဟု ဦးလှမောင်ရွှေက ရှင်းပြသည်။
သို့သော်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) အဖွဲ့ အနေနှင့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်မည် မဟုတ်ကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းထံသို့ စက်တင်ဘာ ၁၉ ရက်နေ့က အကြောင်းပြန်ထားကြောင်း (RCSS/SSA) အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းလက ပြောကြားသည်။
“ကျွန်တော်တို့ ဒီနေ့ပဲ ဦးအောင်မင်းဆီ စာပို့လိုက်တယ်။ လောလောဆယ် တိုက်ပွဲတွေကြောင့် ဒေသတွင်းမှာ မတည်ငြိမ်ဘူး။ ဒေသတွင်းက ပြည်သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ်။ ဒီကိစ္စတွေကို ပြေလည်အောင် ညှိချင်တယ်ဆိုပြီး ဦးအောင်မင်းဆီကို ပို့တဲ့စာထဲမှာလည်း ထည့်ရေးထားတယ်။ လက်ရှိအနေအထားအရတော့ ကျွန်တော်တို့ မတက်ရောက်နိုင်ဘူးပေါ့” ဟု ဗိုလ်မှူးကြီးစိုင်းလက ရှင်းပြသည်။
ထို့အပြင် SD အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဌ ဦးနိုင်ဟံသာက “ဘယ်သူတွေတက်မယ် မတက်ကြဘူးဆိုတာတော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ ကျွန်တော်တို့ နေပြည်တော် ဆွေးနွေးပွဲမှာလည်း NCA ကို လက်မှတ်ထိုးဖို့ သဘောတူထားပြီးပြီ။ ဒါပေမဲ့ အခုလို အချိန်ကျမှ ဒီလိုမျိုးဖြစ်တာကတော့ မကောင်းဘူးထင်တယ်” ဟု မှတ်ချက်ပေးသည်။
NCA စာချုပ် လက်မှတ်ထိုးမည့်ရက် သတ်မှတ်နိုင်ရေးအတွက် စက်တင်ဘာ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၅ ဖွဲ့ကို ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ယခုလ ၁၇ ရက်နေ့က ဖိတ်ကြားထားခြင်း ဖြစ်သည်။
ထို့အပြင် စက်တင်ဘာလ ၂၀ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) နှင့်အတူ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် (United Nations) တို့မှ ပူးပေါင်းပြီး ပြုလုပ်မည့် အခမ်းအနားကိုလည်း တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များကို တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု ဦးလှမောင်ရွှေက ပြောကြားသည်။
The Voice Weekly

Post a Comment

 
Top