0

ဒမတ်စကတ်၊ စက်တင်ဘာ ၂၇
ဆီးရီးယားနိုင်ငံ နယ်မြေထဲတွင် မင်းမူလျက်ရှိသော အစ္စလာမ္မစ် စစ်သွေးကြွ လက်နက်ကိုင်အုပ်စုများကို ပြင်သစ်လေတပ်က ၎င်းတို့၏ ပထမဆုံး လေကြောင်းထိုးစစ်အဖြစ် တိုက်ခိုက်မှုများ တနင်္ဂနွေနေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
“IS အဖွဲ့ရဲ့ အကြမ်းဖက်မှုဆိုင်ရာ အပြုအမူတွေကို ဆန့်ကျင်တဲ့အနေနဲ့ ကျွန်တော်တို့တိုင်းပြည်က သက်သေပြခဲ့ပါပြီ။ ကျွန်တော်တို့ နိုင်ငံတော် လုံခြုံရေးကို ထိပါးလာတဲ့ အခါတိုင်း ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု ပြင်သစ်သမ္မတက သတင်းကြေညာချက် ထုတ်ပြန်ခဲ့သည်။
အီရတ်ဘက်ခြမ်းတွင်သာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော ပြင်သစ်သည် ပြီးခဲ့သည့် တစ်လကတည်းက ဆီးရီးယားဝေဟင်တွင် ဝင်ရောက်ပျံသန်းခဲ့ကာ IS များ စခန်းချ လှုပ်ရှားမှုများကို လေ့လာခဲ့ခြင်း ဖြစ်သည်။
စုဆောင်းထားသော အချက်အလက်များကို အခြေခံလျက် ပြင်သစ်က အဆိုပါ တိုက်ခိုက်မှုများကို ပြုလုပ်ခြင်းဖြစ်ကာ လက်တွဲဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုက်ပွဲဝင်ခြင်း ဖြစ်သည်ဟု သမ္မတအိမ်တော် ကြေညာချက်က ဆိုထားသည်။
ဆီးရီးယားရှိ ပြဿနာများကို ကမ္ဘာလုံးဆိုင်ရာ အဖြေရှာမှု လုပ်ဆောင်ရန် ပြင်သစ်က တိုက်တွန်းထားပြီး ကုလသမဂ္ဂ၏ ဆီးရီးယားဆိုင်ရာ အထူးသံတမန် စတက်ဖန်ဒီမစ်စ်တူရာ၏ တိုင်းပြည်အတွင်း နိုင်ငံရေးအရ အကူးအပြောင်း ဖန်တီးမည့် အစီအစဉ်ကို ထောက်ခံကြောင်းလည်း ပြင်သစ်က ထုတ်ပြန်ထားသည်။
အရပ်သားများကို IS အပါအဝင် အခြားအကြမ်းဖက် အဖွဲ့အစည်းမျိုးစုံက ပြုလုပ်သော အကြမ်းဖက်မှုများမှ ကာကွယ်ပေးထားရမည်ဖြစ်ပြီး ဆီးရီးယားသမ္မတ ဘာရှားအယ်အာဆတ်၏ မကောင်းသူထိပ် ကောင်းသူထိပ် ဗုံးကြဲချသည့် ပုံစံမျိုးကိုလည်း ဆန့်ကျင်သည်ဟု ပြင်သစ်သမ္မတက ကြေညာချက်တွင် ပြောကြားထားသည်။
“အစိုးရနဲ့ အတိုက်အခံထဲက အလယ်အလတ် သဘောထားရှိတဲ့ သူတွေကို စုပေါင်းထားတဲ့ နိုင်ငံရေး အကူးအပြောင်း တစ်ခုကို ထူထောင်ဖို့ရာ အရေးတကြီး လိုအပ်နေပါပြီ” ဟု အဆိုပါ ကြေညာချက်က သတိပေးခဲ့သည်။
အသွင်ကူးပြောင်းရေးတွင် ဘာရှားအယ်လ်အာဆတ်က ပါဝင်ရန် မဖြစ်နိုင်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လောရန့်ဖာဘီးယပ်စ်က ပြောကြားထားသည်။
အဘယ့်ကြောင့်ဆိုသော် ၎င်း၏ အစိုးရလက်ထက်တွင် ပြည်သူများ သောင်းချီ သေဆုံးခဲ့ရသဖြင့် ပါဝင်ရန် မသင့်လျော်ဟု ပြင်သစ်ဝန်ကြီးက ထောက်ပြထားသည်။
ဆီးရီးယားနှင့် အီရတ်နိုင်ငံများတွင် ခြေကုပ်ယူထားသော အစ္စလာမ္မစ်နိုင်ငံတော် အကြမ်းဖက်အဖွဲ့ကို နိုင်ငံစုံအင်အားစုများက လေကြောင်းမှ ဝိုင်းဝန်းတိုက်ခိုက်လျက်ရှိသည်။
The Voice Weekly

Post a Comment

 
Top