0

ရန်ကုန်၊ စက်တင်ဘာ ၂၇
အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးခွင့်ပြုသည့် ရက်ပေါင်း ၂၀ ကြာမြင့်လာသည်အထိ ကိုကိုးကျွန်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန်က ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရသက်ဆွေ ဝင်ရောက်ယှဉ်ပြိုင်မည့် တပ်မတော်သား မိသားစုဝင်များ အများစုနေထိုင်ရာ ကိုကိုးကျွန်းမြို့နယ်တွင် NLD ပါတီ၏ မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“အခုအထိ ကျွန်တော်တို့မှာ စည်းရုံးနိုင်ခြင်း မရှိသေးဘူး။ ကိုကိုးကျွန်း ဆိုတာကလည်း သင်္ဘော ဒါမှမဟုတ်ရင် လေယာဉ်နဲ့ သွားရတာလေ၊ အဲဒီအပိုင်းမှာ အခက်အခဲ ဖြစ်နေတာ၊ ကော်မရှင်ဥက္ကဋ္ဌနဲ့ တွေ့ဖို့ ခွင့်တောင်းတာ သူကလည်း ခရီးထွက်စရာရှိလို့ ဆိုပြီး အခုအချိန်အထိ အတွေ့မခံသေးဘူး” ဟု ၎င်းက ဆိုသည်။
ကိုကိုးကျွန်းမြို့နယ်တွင် NLD ပါတီမှ မဲဆွယ်စည်းရုံးရန် တိုင်းဒေသကြီးအစိုးရမှ ခွင့်ပြုချက် ရရှိခဲ့သော်လည်း ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းသို့ လိုက်ပါမည့်သင်္ဘောကို တပ်မတော် အမှတ် (၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်မှ ငှားရမ်းရကြောင်းနှင့် ငှားရမ်းရာ၌ စက်တင်ဘာလ ၂၀ ရက်နေ့တွင် သင်္ဘောမထွက်ဖြစ်ဟု ကိုကိုးကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ အကြောင်းကြားထားကြောင်း NLD ပါတီထံမှ သိရသည်။
ကိုကိုးကျွန်းမြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
အလားတူ အဆိုပါမြို့နယ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း ဦးသူရသက်ဆွေ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
ကိုယ်စားလှယ်လောင်းများ မဲဆွယ်စည်းရုံးရန် တရားဝင်ခွင့်ပြုရက်ကို စက်တင်ဘာလ ၈ ရက်နေ့မှ စတင်ကာ နိုဝင်ဘာ ၆ ရက်နေ့ ည ၁၂ နာရီအထိ ရက်ပေါင်း ၆၀ ခွင့်ပြုထားကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

The Voice Weekly

Post a Comment

 
Top