0

ရန်ကုန်၊ စက်တင်ဘာ ၎
ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်လျက်ရှိပြီး ပြန်လည်စိုက်ပျိုးရေးအတွက် မြန်မာတောင်သူလယ်သမားများကို မထောက်ပံ့နိုင်လျှင် စားနပ်ရိက္ခာ အခက်အခဲတွေ့နိုင်ဖွယ် ရှိကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က စက်တင်ဘာ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ဆိုင်ကလုန်းကိုမန် တိုက်ခိုက်ခဲ့ပြီး နောက်ဆက်တွဲ ဖြစ်ပေါ်လာသည့် မိုးကြီးရေလျှံမှုကဲ့သို့ သဘာဝဘေးများကြောင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော်မှာ ထိခိုက်ပျက်စီးမှုများ ခံစားခဲ့ရသည်ဟု FAO က သတင်းထုတ်ပြန်သည်။
ထို့ပြင် ကျွဲနွားကောင်ရေ ၂၀,၀၀၀ နှင့် ငါးပုစွန်ကန် ၃၆,၀၀၀ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့သည်ဟု FAO က ဆိုသည်။
FAO ၏ ထုတ်ပြန်ချက်အရ စုစုပေါင်း လယ်ယာမြေဧက ၁ ဒသမ ၄ သန်းခန့်မှာ ရေကြီးနစ်မြုပ်ခဲ့ပြီး စိုက်ပျိုးပြီး လယ်ယာမြေ ဧက ၉၇၂,၀၀၀ ထိခိုက်ပျက်စီးခဲ့ရသည်။
အစိုးရက ထုတ်ပြန်သော စာရင်းများတွင်မူ လယ်ယာမြေဧက ၈၄၂,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဖော်ပြထားသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သြဂုတ်လ ၂ ရက်နေ့ စာရင်းများအရ ရေနစ်မြုပ် လယ်မြေဧက ၁ ဒသမ ၄ သန်းကျော်တွင် ဧက သုံးသိန်းရှစ်သောင်းကျော်ကို ပြန်လည်စိုက်ပျိုးပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။
ပြည်တွင်း၏ အခြေခံ စားနပ်ရိက္ခာတစ်မျိုး ဖြစ်သော ဆန်လုံလောက်မှု ရှိစေရန်အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာ ၁၅ နေ့အထိ ပြည်ပဆန်တင်ပို့မှုကို ၄၅ ရက် ရပ်ဆိုင်းထားခဲ့သည်။
လယ်ယာလုပ်ငန်းသုံး ကျွဲနွားများနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး သာပေါင်း၊ ဟင်္သာတ၊ အင်္ဂပူ အစရှိသည့် မြို့နယ်များမှ အစားအစာနှင့် ဆေးဝါးပြတ်လပ်မှုကြောင့် သေဆုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် ကျွဲနွားကောင်ရေ တစ်သောင်းအတွက် ထောက်ပံ့ကူညီမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့၏ နယ်လှည့်ဆေးကုသရေး တာဝန်ခံ ဦးသက်ဇော်က ပြောကြားသည်။
သို့သော်လည်း ရေနစ်မြုပ်ခံရသည့် ဒေသအသီးသီးမှ လယ်သမားများ အတွက်မူ လယ်ယာကဏ္ဍ ပြန်လည်စတင်နိုင်ရန်အတွက် အထောက်အပံ့ပေးမှုများမှာ လိုအပ်နေဆဲဖြစ်ကြောင်း ပြည်တွင်းအရပ်ဘက် အဖွဲ့အစည်းများထံမှ သိရသည်။

The Voice Weekly

Post a Comment

 
Top