0

ရန်ကုန်၊ စက်တင်ဘာ ၎
ဘဏ်များတွင် အပေါင်ပစ္စည်းမယူဘဲ ငွေချေးယူခြင်းအတွက် ငွေချေးယူသူက အာမခံကြေး (Premium) ၃ ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့တွင် မြန်မာ့အာမခံလုပ်ငန်းရုံးချုပ်၌ ပြုလုပ်သော Credit Grantee Insurance အစီအစဉ်ကို ပုံစံအသစ်ဖြင့် ပြန်လည်မိတ်ဆက်သည့် အခမ်းအနားတွင် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ Credit Grantee Insurance အစီအစဉ်ကို ပုံစုံသစ်ဖြင့် စတင်ခဲ့ကြောင်း ၎င်းက ဆိုသည်။
Credit Grantee Insurance ဆိုသည်မှာ ဘဏ်မှ ငွေချေးလိုသူအတွက် ဘဏ်နှင့် ငွေချေးလိုသူအကြား မြန်မာ့အာမခံလုပ်ငန်းက ကြားဝင်အာမခံပေးခြင်း ဖြစ်သည်။
အဆိုပါ အာမခံကြေး ရယူသည့် ပုံစံ၌ ဘဏ်များတွင် အပေါင်ပစ္စည်းမပေးဘဲ ငွေချေးယူချင်ပါက ချေးယူလိုသူသည် ဘဏ်တိုးအပြင် အာမခံကြေး သုံးရာခိုင်နှုန်းကို မြန်မာ့အာမခံလုပ်ငန်သို့ ပေးရမည်ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
“ဘဏ်တိုးနဲ့ မဆိုင်ဘူး။ ကာယကံရှင်ဖြစ်တဲ့ SMEs လုပ်ငန်းတွေက ပေးရမှာ။ သူတို့မှ Collateral (အပေါင်ပစ္စည်း) မပေးနိုင်ပဲ။ သုံးရာခိုင်နှုန်းတော့ ဆောင်းပေးရမယ်” ဟု ၎င်းက ဆိုသည်။
ယခုအစီအစဉ်၌ အပေါင်ပစ္စည်း မပေးဘဲ ငွေချေးလိုသူက ဘဏ်ကို အကြောင်းကြားပြီး ဘဏ်က မြန်မာ့အာမခံလုပ်ငန်းကို ဆက်လက်အကြောင်းကြားရမည် ဖြစ်ကာ မြန်မာ့အာမခံလုပ်ငန်းက လိုအပ်သည်များကို စစ်ဆေးမည်ဖြစ်သည်။
ပြီးခဲ့သည့် တစ်နှစ်ခန့်မှစ၍ ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် ချေးငွေ ပိုမိုထုတ်ချေးနိုင်ရန် ရည်ရွယ်၍ Credit Grantee Insurance ကို စတင်မိတ်ဆက်ခဲ့သော်လည်း ပြည်တွင်းဘဏ်များက လုပ်ကိုင်ရန် စိတ်ဝင်စားမှု နည်းခဲ့ခြင်းကြောင့် မထိရောက်ခဲ့ကြောင်း ပြည်တွင်းဘဏ်လုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
သို့သော်လည်း ယခုပုံစံသစ်ဖြင့် ပြန်လည်စတင်မည့် Credit Grantee Insurance အစီအစဉ်တွင် ဆုံးရှုံးနိုင်ခြေ ရှိသူသည် မြန်မာ့အာမခံလုပ်ငန်းသာ ဖြစ်ကြောင်း ဒေါက်တာမောင်မောင်သိမ်းက ဆိုသည်။
စနစ်သစ်တွင် အပေါင်ပစ္စည်းထားပြီး ငွေချေးခြင်းလည်း ပါဝင်ပြီး ငွေချေးယူသူသည် ဘဏ်တိုးအပြင် အာမခံကြေး အနိမ့်ဆုံး နှစ်ရာခိုင်နှုန်း ပေးရမည်ဖြစ်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။

The Voice Weekly

Post a Comment

 
Top