ရန်ကုန်၊ စက်တင်ဘာ ၎
ပြည်ပသို့ ဆန်တင်ပို့မှု ရပ်ဆိုင်းထားစဉ် ကာလအတွင်း မူဆယ်သို့ ရောက်ရှိနေသည့် ဆန်လက်ကျန်များကို စက်တင်ဘာလ ၄ ရက်နေ့အထိ တရုတ်နိုင်ငံသို့ တင်ပို့ဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ဆိုသည်။
နယ်စပ်မှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုများ ရှိနေသည်ဟူသော သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။
“နယ်စပ်က တင်ပို့မှု ရှိနေတယ် ဆိုတာက အရင်ကတည်းက မူဆယ်မှာ ဆန်အိတ် တစ်သိန်းကျော်၊ နှစ်သိန်းလောက် ရှိနေတာ။ အဲဒီလက်ကျန်တွေကို ပို့နေတာ” ဟု ၎င်းက ဆိုသည်။
ဒေသအချို့၌ ရေကြီးမှုကြောင့် မြင့်တက်လာသည့် ဆန်ဈေးနှုန်းနှင့် ဆန်ရှားပါးပြတ်လပ်မှုကို ထိန်းသိမ်းနိုင်ရန်အတွက် ပြည်ပသို့ ဆန်တင်ပို့မှုကို သြဂုတ်လ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၅ ရက်နေ့အထိ ၄၅ ရက်ကြာ ရပ်ဆိုင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ ၄၅ ရက် ကာလအတွင်း ဆန်တင်ပို့ရန် လိုင်စင်အသစ် ခွင့်ပြုပေးခြင်းကို ခွင့်ပြုမပေးသော်လည်း ပြည်ပသို့ တင်ပို့ရန် ဆိပ်ကမ်းသို့ ရောက်ရှိပြီး ဆန်များကိုမူ တင်ပို့ခွင့်ပြုထားကြောင်း ပြည်ပပို့ဆန်လုပ်ငန်းရှင် ဦးမျိုးသူရအေးက ဆိုသည်။
လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ပြည်ပဆန်တင်ပို့မှုကို ပြန်လည်ခွင့်ပြုမည် ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ရှင်းပြသည်။
“တို့ကတော့ ပြန်ဖွင့်မယ့်ရက်ကို စောင့်နေရတာပဲ” ဟု မန္တလေးအခြေစိုက် မူဆယ်ပို့ ဆန်ကုန်သည် ဦးစိုင်းကျော်က မှတ်ချက်ပြုသည်။
လက်ရှိတွင် ပြည်တွင်းဆန်ဈေးကွက်၌ ဆန်ကြမ်းဝယ်လိုအား မြင့်တက်လျက်ရှိပြီး သြဂုတ်လ နောက်ဆုံးပတ်တွင် ဧည့်မထ တစ်အိတ်လျှင် လက်ကားဈေးနှုန်း ၁၈,၅၀၀ မှ စက်တင်ဘာလဆန်းတွင် ဆန်ကြမ်းတစ်အိတ် ၁၉,၅၀၀ ကျပ်သို့ မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်၏ ဈေးနှုန်းများအရ သိရသည်။
ယခုကဲ့သို့ ဆန်ကြမ်းဈေး ပြန်လည်မြင့်တက်လာခြင်းသည် ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည်ခွင့်ပြုမည် ဖြစ်သောကြောင့် ကုန်သည်များ အပြိုင်ဝယ်ယူနေခြင်းနှင့် အမေရိကန်ဒေါ်လာဈေး မြင့်မားမှုတို့ကြောင့် ဖြစ်ကြောင်း ပြည်ပပို့ ဆန်လုပ်ငန်းရှင်များထံမှ သိရသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.