ရန်ကုန်၊ စက်တင်ဘာ ၎
လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်း မပြည့်စုံဟုဆိုတာ ရွေးကောက်ပွဲဝင်ခွင့် ငြင်းပယ်ခံထားရမှုကို ပယ်ဖျက်၍ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ စာပို့ထားကြောင်း ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ပြောဆိုသည်။
ဦးရွှေမောင်မှာ ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးချယ်ခံ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ယူထားဆဲ ဖြစ်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံရန်အတွက် ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက စက်တင်ဘာလ ၁ ရက်နေ့တွင် အပြီးသတ်ပယ်ချခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။
“စက်တင်ဘာလ ၁ ရက်နေ့က ပြည်နယ်ကော်မရှင်ရုံးမှာ အယူခံတင်တော့ ၁၀ စက္ကန့် မပြည့်ခင်မှပဲ ပယ်ချပါတယ်ဆိုပြီး ပယ်လိုက်တာ။ ဒီအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံကို မေတ္တာရပ်ခံ စာပို့ထားတာပါ” ဟု ဦးရွှေမောင်က ဆိုသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပြီး ယင်းရွေးကောက်ပွဲ တရားမျှတမှုကို သက်သေပြရန်အတွက် ဦးရွှေမောင်ကို ရွေးကောက်ပွဲဝင်ခွင့် ပြုရမည် ဖြစ်ကြောင်း မလေးရှား သံအမတ် Mr. Charles Santiago က ပြောဆိုသည်။
“တရားမျှတတဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ ရွေးကောက်ပွဲဆိုရင် ဘယ်သူ့ကိုမှ ဝင်ပြိုင်ဖို့ မပိတ်ပင်သင့်ဘူး” ဟု ၎င်းက ဆိုသည်။
“တရားမျှတတဲ့ လူ့အခွင့်အရေး ပြည့်ဝတဲ့ ရွေးကောက်ပွဲဆိုရင် ဘယ်သူ့ကိုမှ ဝင်ပြိုင်ဖို့ မပိတ်ပင်သင့်ဘူး” ဟု ၎င်းက ဆိုသည်။
ရွေးကောက်ပွဲဝင်ခွင့်အတွက် နောက်ဆုံးအဆင့် ကြိုးပမ်းမှုအနေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ စာပို့အကြောင်းကြားထားခြင်း ဖြစ်ပြီး ကော်မရှင်၏ တုံ့ပြန်မှုကို စောင့်ကြည့်၍ မည်သို့ ဆက်လက်ဆောင်ရွက်မည်ကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးရွှေမောင်က ပြောဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူ ဦးရွှေမောင်မှာ ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်၍ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲ ထပ်ဝင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပြီး ယင်းကို ကော်မရှင်က ပယ်ချထားခြင်းဖြစ်သည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.