ဘူဒါပတ်၊ စက်တင်ဘာ ၎
ဟန်ဂေရီနိုင်ငံ၌ ရဲများနှင့် မီးရထားပေါ် ပါလာသည့် ရွှေ့ပြောင်းနေထိုင်သူများ အကြား ထိပ်တိုက်ရင်ဆိုင်မှုမှာ ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ဖြစ်ပွားနေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
ကြာသပတေးနေ့တွင် ရဲတပ်ဖွဲ့က ရွှေ့ပြောင်းနေထိုင်သူများကို ဘူဒါပတ်မြို့တော်ရှိ မီးရထားတစ်စင်းပေါ် တက်ခွင့်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် မြို့တော် အနောက်ဘက်ရှိ ဒုက္ခသည်စခန်း အရောက်တွင် ရထားပေါ်မှ ဆင်းရန် ဖိအားပေးခဲ့ကြသည်။
အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာပြီးသည့်နောက်တွင် ရွှေ့ပြောင်းနေထိုင်သူများအတွက် စခန်းသစ်များ ထပ်မံဆောက်လုပ်သင့် မသင့်၊ နိုင်ငံတော် အရေးပေါ်အခြေအနေ ထုတ်ပြန်သင့် မသင့် စသည့်အချက်များနှင့် ပတ်သက်ပြီး ဟန်ဂေရီအမတ်များ မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။
ထို့အပြင် ရွှေ့ပြောင်းနေထိုင်သူများမှာ ဂျာမနီသို့ သွားရောက်ရန် ဦးတည်ထွက်ခွာလာသူများ ဖြစ်ခြင်းကြောင့် လက်ရှိပြဿနာမှာ “ဂျာမနီ ပြဿနာ” ဟု ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအာဘန်က မှတ်ချက်ပြုသွားသည်။
ဥရောပတိုက်တွင်း ရောက်ရှိနေသည့် ဆီးရီးယား ဒုက္ခသည်များကို ၎င်းတို့ မည်သည့်နည်းလမ်းသုံး ဝင်ရောက်ခဲ့သည်ဖြစ်စေ လက်ခံသွားမည်ဟု ဂျာမနီအစိုးရက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ထုတ်ပြန်သွားခဲ့သည်။
ယင်းကဲ့သို့သော ပြောကြားချက်များကို ဟန်ဂေရီခေါင်းဆောင်က စိတ်ဆိုးလျက်ရှိပြီး ဒုက္ခသည် အမြောက်အမြားကို ဂျာမနီက လက်ခံကြိုဆိုနေခြင်းကို ပြစ်တင်ပြောကြားလျက် ရှိသည်။
တစ်ချိန်တည်းတွင် ဥရောပသမဂ္ဂနိုင်ငံများ၌ ဒုက္ခသည် ၁၀၀,၀၀၀ ကို ဖြန့်ခွဲလက်ခံသင့်ကြောင်း ဥရောပကောင်စီ သမ္မတဒိုးတ်တတ်က ပြောကြားသွားသည်။
လက်ရှိ ဖြစ်ပွားလျက်ရှိသည့် ဟန်ဂေရီဒုက္ခသည် အရေးသည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဖြစ်ပွားခဲ့သည့် ယူဂိုစလားမီးယား စစ်ပွဲနောက်ပိုင်း အဆိုးရွားဆုံး ဥရောပဒုက္ခသည် အကျပ်အတည်းဖြစ်ကာ ဥရောပသမဂ္ဂ၏ ခိုလှုံခွင့်စနစ်မှာ ပေါက်ကွဲလုနီးပါး ဖြစ်ခဲ့ရသည်။
ဒုက္ခသည် အကျပ်အတည်းနှင့် ပတ်သက်ပြီး ဥရောပသမဂ္ဂတွင်း သဘောထားကွဲလွဲမှုများ ပေါ်ပေါက်နေသလို လက်ယာစွန်း ပေါ်ပျူလာဝါဒီများ အားကောင်းလာရေးကိုလည်း တွန်းအားပေးလျက်ရှိသည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.