0

မန္တလေး၊ စက်တင်ဘာ ၎
စီးပွားရေးလုပ်ငန်းများ တိုးတက်လာသည့် မန္တလေးမြို့တော်တွင် သုံးနှစ်အတွင်း အမှိုက်စွန့်ပစ်မှု နှစ်ဆတက်လာခဲ့ပြီး နေ့စဉ် အမှိုက်တန်ချိန် ၈၀၀ ခန့် စွန့်ပစ်နေကြကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာန ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။
“၂၀၁၁ ခုနှစ် ဝန်းကျင်က တစ်ရက်မှာ အမှိုက်တန်ချိန် ၄၀၀ လောက် ရှိခဲ့တယ်။ ခုနောက်ပိုင်း လူနေထူထပ်လာတယ်။ ဆိုင်တွေ၊ ယာဉ်တွေ တိုးလာတယ်။ ဒါတွေကြောင့် နေ့စဉ်စွန့်ပစ်တဲ့ အမှိုက်ကလည်း ပိုပိုပြီး တိုးလာနေပါတယ်” ဟု ၎င်းက ပြောသည်။
ယခင်က ဈေးဆိုင်ပေါင်း တစ်သောင်းခန့် ရှိရာမှ ယခုအချိန်တွင် ဈေးဆိုင်ပေါင်း တစ်သောင်းခုနစ်ထောင်ခန့် ရှိလာကြောင်း၊ ယင်းအထဲတွင် လူနေအိမ်များမှ စွန့်ပစ်မှုများ၊ မော်တော်ယာဉ်များပေါ်မှ စွန့်ပစ်မှု စသည်တို့ကို စည်ပင်သာယာပိုင် မော်တော်ယာဉ် အစီး ၂၀၀၊ သုံးဘီးယာဉ် ၁၈၀ စီးဖြင့် နေ့စဉ် သိမ်းဆည်းပေးနေကြောင်း အဆိုပါဌာနမှ သိရသည်။
ယင်းအပြင် ဈေးဆိုင်များ အနေနှင့်လည်း အမှိုက်စွန့်ပစ်ရမည့် အချိန်၊ စွန့်ပစ်ရမည့် အမျိုးအစားများကို လိုက်နာကြရန်လိုပြီး စည်းကမ်းဖောက်ဖျက်မှုများ ရှိပါက သတိပေးခြင်း၊ ဒဏ်ငွေဆောင်စေခြင်း၊ အရေးယူခြင်းများကို အဆင့်ဆင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဦးစိုးတင့်အောင်က ဆိုသည်။
“အမှိုက်ကားတွေ အချိန်မှန်ဖို့လည်း လိုအပ်သလို ပြည်သူတွေကလည်း စည်းကမ်းတွေ လိုက်နာဖို့ လိုတာပေါ့။ မီးဖိုချောင်သုံး ပစ္စည်းတွေကို သေချာစွန့်ပစ်ဖို့ လိုအပ်ပါတယ်” ဟု ချမ်းအေးသာစံမြို့နယ်မှ အသက် ၃၀ နှစ်အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။
သန့်ရှင်းရေးဌာနနှင့် ပတ်သက်၍ ပြည်သူများအနေနှင့် အခက်အခဲဖြစ်ပေါ်ပါက ဦးရဲထွန်း (၀၉၂၀၀၇၈၉၇) အောင်မြေသာစံ၊ ဦးစိုးမြင့်အောင် (၀၉၂၀၀၁၉၇၅) ချမ်းအေးသာစံ၊ ဦးသက်နိုင် (၀၉၂၀၁၀၄၂၇) မဟာအောင်မြေ၊ ဦးဖုန်းလွင် (၀၉၂၀၃၅၉၉၇) ချမ်းမြသာစည်၊ ဦးမြင့်စိုး (၀၉၉၁၀၁၃၃၀၅) ပြည်ကြီးတံခွန်၊ ဦးဇေယျ (၀၉၂၀၀၂၉၆၀) အမရပူရ စသည့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ အကြောင်းကြား အကူအညီ တောင်းခံနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly

Post a Comment

 
Top