0

ထားဝယ်၊ စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပုဂ္ဂလိက လျှပ်စစ်ဓာတ်အားပေး ဆောင်ရွက်နေသည့် ဖိုးသီးချို ကုမ္ပဏီက မဲဆန္ဒရှင်စာရင်း မကြည့်ရသေးသည့် ၎င်းတို့၏ ဝန်ထမ်းများအား စက်တင်ဘာလအတွက် လစာဆိုင်းငံ့ထားမည်ဟု ဆိုကာ မဲစာရင်းကြည့်ဖြစ်ရန် တွန်းအားပေးထားကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။
ကုမ္ပဏီ၏ ဝန်ထမ်းများတွင် မဲစာရင်းကြည့်ရှုသူ နည်းပါးနေခြင်းကြောင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်ပြီး မဲစာရင်းကြည့်ပြီးသည့် ဝန်ထမ်းများကို လစာထုတ်ပေးသွားမည် ဖြစ်ကြောင်း ဖိုးသီးချို ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာဝင်းထိန်က ပြောကြားသည်။
“လစာ ဆိုင်းငံ့ဆိုတာက အတင်းအကျပ်ကြီးတော့ မဟုတ်ပါဘူး။ မဲစာရင်း ကြည့်စေချင်လို့ပါ။ သူတို့တွေအနေနဲ့ မဲစာရင်းကြည့်ပြီးပြီလို့ ပြောလာရင်တောင် ရပါပြီ” ဟု ဒေါက်တာဝင်းထိန်က ပြောကြားသည်။
ယင်းသို့ လစာဆိုင်းငံ့မည့် ကိစ္စကို ဝန်ထမ်းများ သိစေရန်အတွက် မန်နေဂျာမှတစ်ဆင့် အသိပေးခိုင်းထားပြီး ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဝန်ထမ်းများအနေနှင့် မဲစာရင်းကို ကြည့်ပြီး မဲစာရင်းအမှတ်ကို ပြောပြရမည်ဖြစ်ကာ မဲစာရင်းတွင် မပါဝင်သူများ ရှိပါက နီးစပ်ရာ ရပ်/ကျေးကော်မရှင်တွင် ပုံစံ ၃-က ဖြင့် တောင်းဆိုပေးမည်ဖြစ်ကြောင်း ဒေါက်တာဝင်းထိန်က ဆိုသည်။
ရွေးကောက်ပွဲနေ့တွင်လည်း မဲထည့်ပြီးသည့် ၎င်းတို့၏ ဝန်ထမ်းများကို ဆုကြေးအဖြစ် ငွေကျပ် တစ်သောင်းကျပ်စီ ချီးမြှင့်မည်ဖြစ်ပြီး မဲရုံသို့သွားသည့် ခရီးစရိတ်ကို ကုမ္ပဏီက အကုန်အကျခံပေးမည် ဖြစ်ကြာင်း ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ဒါကတော့ သူတို့စိတ်ကူးနဲ့ သူတို့ ဝန်ထမ်းတွေ မဲပေးခွင့် မဆုံးရှုံးအောင် တတ်နိုင်သလောက် ကူညီပေးတာလို့ မြင်တယ်။ အခုလိုမျိုးလုပ်တာ ကောင်းတဲ့လုပ်ရပ်လို့ မြင်တယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထားဝယ်မြို့နယ် မဲစာရင်း စိစစ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
ဖိုးသီးချို ကုမ္ပဏီက ဝန်ထမ်းများကို မဲပေးခွင့်ရရှိရေးအတွက် မဲစာရင်းကြည့်ရန် တိုက်တွန်းနေသော်လည်း မဲပေးရာတွင်မူ ဝန်ထမ်းများ၏ ဆန္ဒအတိုင်း လွတ်လပ်စွာ မဲပေးနိုင်ပြီး ပါတီတစ်ခုခုကို မဲပေးရန် သိမ်းသွင်းခြင်း၊ ဖိအားပေးခြင်း ပြုလုပ်မည် မဟုတ်ကြောင်း ယင်းကုမ္ပဏီက ထုတ်ပြန်ထားသည်။
ဖိုးသီးချို ကုမ္ပဏီတွင် ဝန်ထမ်းအင်အား ၂၀၀ ခန့် ရှိကြောင်း သိရသည်။
(Dawei Watch)
The Voice Weekly

Post a Comment

 
Top