လွတ်လပ်စွာရေးသားပိုင်ခွင့်ရှိသည်ဟုယူဆသဖြင့် လွတ်လပ်စွာရေး၏။ မည်သူ့ကိုမှသာစေ၊ နာစေမရှိ၊ အငြိုး အတေးမရှိ၊ အပေးအယူမရှိ။ မည်သည့်နိုင်ငံရေးပါတီဝင်မှ မဟုတ်သဖြင့် စိတ်ရှင်းပေ၏။ တိုင်းပြည်မျက်နှာ ကိုသာ ထောက်၍ဆိုပါမည်။ အကြောင်းကား မည်သူ့ကို တိုင်းပြည်ခေါင်းဆောင်တင်ကြမှာလဲဆိုသော ပြဿနာ ဖြစ်သည်။
သိကြသည့်အတိုင်း မကြာမီတွင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး လာပေတော့မည်။ ထိုရွေး ကောက်ပွဲ၏ အနိုင်အရှုံးရလဒ်ပေါ်မူတည်၍ နိုင်ငံတော်သမ္မတ၊ တယောက်ပေါ်ပေါက်လာပေမည်။ ထို့နောက် သမ္မတ၏အစီအမံနှင့် အစိုးရအဖွဲ့ပေါ်လာမည်။ တိုင်းပြည်ကို ၂၀၁၆ နှစ်ဆန်းမှ ၂၀၂၀ နှစ်ကုန်အထိ ထိန်း ကျောင်းမောင်းနှင်သွားမည့် အစိုးရယန္တရားပေါ်ပေါက်လာပေမည်။ ထိုအခါ ကျွန်တော်တို့သည် ဘယ်လိုအစိုးရ မျိုးကို လိုချင်သနည်း၊ ဘယ်လိုခေါင်းဆောင်မျိုးကို လိုချင်သလဲဆိုတာ ကိုယ့်ဘာသာ ပြတ်ပြတ်သားသား ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ တွေဝေနေ၍မဖြစ်၊ ရေသာခိုအချောင်လိုက်နေ၍မဖြစ်၊ ရောယိမ်းလိုက်ဘသား ယိမ်းလိုက်နေ၍ မဖြစ်၊ သတ္တိနည်းနေ၍မဖြစ်၊ အများယောင်လို့ယောင် အမောင်တောင်မှန်းမြောက်မှန်း မသိလုပ်နေလို့မဖြစ်။
ခေါင်းဆောင်ကောင်းမှ အစိုးရကောင်းမည်၊ အစိုးရကောင်းမှ တိုင်းပြည်ကောင်းမည်ဆို သည်ကို ဘာမှသယံဇာတမရှိသည့် ကျွန်းနိုင်ငံငယ်လေး စင်ကာပူက သက်သေပြခဲ့ပြီ။ အစိုးရဆိုးလျှင် ပြည်သူ ထမင်းငတ်မည်ဆိုသည်ကို မြောက်ကိုရီးယားနိုင်ငံက သက်သေပြခဲ့ပြီ။ ထိုအခါ မြန်မာနိုင်ငံသည်လည်း အရေး ကြီးသော ရွေးချယ်မှုကို ပြည်သူများနှင့် နိုင်ငံရေးပါတီများ ပြုလုပ်ရတော့မည့်အချိန်ဖြစ်သည်။ ကျွန်တော်တို့ ရွေးချယ်ပုံကောင်းလျှင် နောင်လာနောက်သားများ အနာဂတ်ကောင်းမည်ဖြစ်ပြီး ကျွန်တော်တို့ရွေးချယ်ပုံညံ့ လျှင် ကလေးသူငယ်မှစကာ လူငယ်လူရွယ်များ၏အနာဂတ်သည် ကျွန်တော်တို့လူဖြစ်ခဲ့ရသောဘ၀တွေလိုပင် ကြမ်းတမ်းခက်တရော်ပေဦးတော့မည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
မြန်မာနိုင်ငံတွင် လောလောဆယ်၌ ပါတီကြီးနှစ်ရပ်ကြီးစိုးနေသည်။ လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ (USDP)နှင့် အတိုက်အခံအင်အားစုဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)တို့ ဖြစ် သည်။ ထိုနှစ်ဖွဲ့သည် ပွဲမ၀င်ခင်က အာဏာလက်ခမောင်းခတ်နေသည်မှာ ကြာပြီဖြစ်သော်လည်း ရွေးကောက်ပွဲ ဟူသော ကွင်းကြီးထဲတွင် တပြည်လုံးအတိုင်းအတာနှင့် ကျားနှင့်ဆင်(ခွပ်ဒေါင်းနှင့် ခြင်္သေ့) ရင်ဆိုင်တွေ့ခြင်း ကား ပထမဆုံးအကြိမ်ဖြစ်သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အဓိကပြိုင်ဘက်ပါတီကြီးနှစ်ခု တွေ့ခဲ့သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)နှင့် N.L.D ရင်ဆိုင်ခဲ့ခြင်းဖြစ်ပြီး ထိုပွဲတွင် N.L.D အပြတ် အသတ်အနိုင်ရရှိခဲ့သည်။ သို့သော် န၀တအစိုးရက အာဏာလွှဲမပေးသဖြင့် N.L.D အစိုးရမဖွဲ့နိုင်ခဲ့ချေ။ ၂၀၁၀ ရွေး ကောက်ပွဲတွင် ရင်ဆိုင်ရာတွင်လည်း ကြံ့ခိုင်ရေးနှင့်ယှဉ်ပြိုင်ရန် N.L.D မပါဝင်ခဲ့သဖြင့် ကြံ့ခိုင်ရေးနှင့် NDF ပါတီသာ အဓိကရင်ဆိုင်ခဲ့ရသည်။ လက်ရှိ စစ်ခေါင်းဆောင်များ၏ အထောက်အပံ့များ တိုက်ရိုက်ရရှိခြင်း၊ ပါတီ ၀င်လူအင်အား ငွေအင်အား၊ ၀င်ရောက်ယှဉ်ပြိုင်သော အမတ်လောင်းအင်အားလုပ်ပိုင်ခွင့်အင်အားတို့ အပြတ် အသတ်သာသဖြင့် ၂၀၁၀ တွင် ကြံ့ခိုင်ရေး အပြတ်အသတ်အနိုင်ရခဲ့သည်။ ဒါတောင် NDF နှင့် ပြိုင်ရသော မဲဆန္ဒနယ်များတွင် ကြိုတင်မဲများ လိုသလောက်ရောက်လာခြင်းက ပြောစမှတ်ဖြစ်ခဲ့သည်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲသည် NLD နှင့်ကြံ့ခိုင်ရေးအကြိုအားစမ်းကြသော ရွေးကောက်ပွဲဖြစ်သည်။ ကြံ့ခိုင်ရေးတနေရာမှ မနိုင်ဘဲ မဲအပြတ်အသတ် ရှုံးနိမ့်ခဲ့၏။ သို့သော် လစ်လပ်မဲဆန္ဒနယ် ၄၄ နေရာကိုသာ ပြန်လည် ရွေးကောက် တင်မြှောက်ခြင်းဖြစ်၍ တနိုင်ငံလုံးပါဝင်သော အထွေထွေရွေးကောက်ပွဲတခုမဟုတ်ခဲ့ပေ။ NLD နိုင်သော်လည်း လွှတ်တော်ထဲတွင် ကြံ့ခိုင်ရေးအမတ်များနှင့် တပ်မတော်သားအမတ်များက စီးမိထားပြီဖြစ်သည်။
၂၀၁၅ နိုဝင်ဘာရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအများစု နိုင်ခဲ့မည်ဆိုလျှင် (သို့မဟုတ်) ၂၆ ရာခိုင်နှုန်းနိုင်ခဲ့၍ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် ပူးပေါင်းခဲ့ မည်ဆိုလျှင် မြန်မာနိုင်ငံ၏သမ္မတသည် ဦးသိန်းစိန်သော်လည်းကောင်း (သို့မဟုတ်) ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင် တပ်မှထွက်၍ သမ္မတတက်လုပ်ခြင်းသော်လည်းကောင်း ဖြစ်လာပေမည်။ သို့မဟုတ် တပ်မတော်မှ ခါတော်မီအငြိမ်းစားယူကာ ရွေးကောက်ပွဲဝင်နွှဲကြသော ဗိုလ်ချုပ်ကြီးဟောင်းတဦးဦး သမ္မတဖြစ်လာနိုင်ခြေရှိပါ၏။
မည်သူသမ္မတဖြစ်စေ ကြံ့ခိုင်ရေးပါတီနိုင်ခဲ့လျှင် ဖြစ်လာမည့်သမ္မတသည်အရပ်သားထဲမှ မဟုတ်ဘဲ စစ်ဗိုလ်ချုပ်လူထွက်အသစ်ကျပ်ချွတ်သော်လည်းကောင်း၊ စစ်ဗိုလ်ချုပ် လူထွက်ငါးနှစ်သားသော်လည်းကောင်း ဖြစ်ကြမည်မှာ မြေကြီးလက်ခတ် မလွဲနိုင်သော ဟောကိန်းဖြစ်သည်။ ကြံ့ခိုင်ရေးပါတီနိုင်လျှင် ဖြစ်လာမည့် သမ္မတသည် အရပ်သားထဲမှလုံးဝမဟုတ်နိုင်သည်ကတော့ ဗေဒင်မေးစရာမလို သွေးထွက်အောင်မှန်မည့် ဟောကိန်းဖြစ်သည်။ သေချာသည်၊ ကြံ့ခိုင်ရေးနှင့်တပ်မတော်သားကိုယ်စားလှယ်များ၏ မဟာမိတ်အင်အားဖြင့် တက်လာသူသည် မည်သို့မှအရပ်သားတယောက်မဖြစ်နိုင်၊ ဒေါက်တာစိုင်းမောက်ခမ်းကို ဒုသမ္မတတင်သလို ဒုသမ္မတလောက်သာ အရပ်သားအယောင်ပြ ဒုသမ္မတဖြစ်ကောင်းဖြစ်မည်။ အဓိကသမ္မတကတော့ ကမ္ဘာ ပျက်ချင်သာပျက်လိမ့်မည် သူတို့သာ မဲပေးရွေးချယ်ခွင့်ရခဲ့လျှင် အရပ်သားသမ္မတကိုတင်မြှောက်ဖို့ တပ်မတော် တွင်လည်းကောင်း၊ ကြံ့ခိုင်ရေးပါတီတွင်လည်းကောင်း လုံးဝအစီအစဉ်မရှိတာသေချာသည်။
N.L.D နိုင်လျှင် အရပ်သားသမ္မတ တက်ချင်လည်းတက်မည်၊ သူရဦးတင်ဦးတို့လို စစ်ဗိုလ်ချုပ်ဟောင်းတဦးကို သမ္မတအရာတွင် ထားချင်ထားလိမ့်မည်၊ ဦးဝင်းထိန်လိုလူမျိုးကို သမ္မတနေရာမှာထားချင်လည်းထားလိမ့်မည်။ ဦးဝင်းထိန်၏ တပ်မတော်ရာထူးသည် ငယ်နေသဖြင့် N.L.D မှ သမ္မတတင်မြှောက်ချင်မှလည်း တင်မြှောက် မည်။ အရပ်သားပညာတတ်သမ္မတအဖြစ် အဖြစ်သင့်ဆုံးလူဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မရှိအောင် ပိတ်ပင်ထားပြီးဖြစ်ရာ N.L.D နိုင်ခဲ့လျှင် ပါတီဝင်ထဲမှ သင့်တော်ရာ အရပ်သားသမ္မတလောင်းကို လည်းကောင်း (သို့မဟုတ်) ဦးခွန်ထွန်းဦးစသော မဟာမိတ်တိုင်းရင်းသားပါတီထဲမှ ထိုက်တန်သူတဦးကိုလည်း ကောင်း ရွေးချယ်နိုင်ပါသည်။ မည်သို့ပင်ရှိစေ N.L.D နိုင်လျှင် အရပ်သားသမ္မတတက်လာနိုင်ခြေသည် ရာခိုင်နှုန်း ၈၀ ရှိနေနိုင်ပါသေး၏။
ထိုအခါ ကျွန်တော်တို့သည် မည်သည့်သမ္မတမျိုးကိုလိုချင်သနည်းဟု ဆန်းစစ်ရပေမည်။ မှန်ရာကို အားမနာ စတမ်းပြောရလျှင် ပြည်သူလူထုသည် စစ်တပ်မှလာသောခေါင်းဆောင်များကို စိတ်ကုန်နေသည်မှာ ကြာပေပြီ။
အနာဂတ်မြန်မာနိုင်ငံ၏ခေါင်းဆောင်ကို မည်သူ့ကိုရွေးရွေး တပ်မတော်မှလာသူ တယောက်တော့ မဖြစ်စေချင် ပါ။ အဘယ့်ကြောင့်နည်း။ အကြောင်းရှိပါသည်။ ပထမအချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မ တော်သည် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးတွင် အသာစီးယူထားတာ တော်တော်များနေလေသည်။ ပြည်သူလူထု ဘက်က အရပ်သား ပြည်သူ့အာဏာမှာ မဆိုသလောက်သာရှိသည်။ ထိုအထဲကမှ သမ္မတသည် စစ်တပ်မှလာသူဖြစ်လျှင် စစ်အာဏာရှိပြီးသားကို စစ်အာဏာထပ်ဆင့်လျက် စစ်အပေါ်စစ်ကဲကာ ဒီမိုကရေစီ အယောင်ပြ စစ်အာဏာရှင် နိုင်ငံတော်ဖြစ်သွားမှာကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ဒီမိုကရေစီအယောင်ပြဟု ပြောရခြင်းမှာ ပြည်သူလူထု၏ အသက်စည်းစိမ်အိုးအိမ်သည် စစ်ခေါင်းဆောင်များရေးဆွဲထားသော ၂၀၀၈ အခြေခံဥပဒေအောက်တွင် မလုံခြုံ၍ဖြစ်သည်။
စစ်သားကပြည်သူလူထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ သည် တန်းပြည့်စစ်မှုထမ်းနေချိန်မဟုတ်စေကာမူ (စစ်တိုက်နေသော ရှေ့တန်းနယ်မြေ မဟုတ်စေကာမူ)ခံရသူ အရပ်သားသည် အရပ်ဘက်တရားရုံးတွင် တရားစွဲဆိုပိုင်ခွင့်မရှိဘဲ စစ်ဘက်တရားရုံးတွင်သာ စီရင်ပိုင်ခွင့်ရှိ သည်ဟု အခြေခံဥပဒေတွင် ပြဋ္ဌာန်းထား၍ ဖြစ်သည်။ အရပ်ဘက်တွင် ကျူးလွန်သော လူသတ်မှု၊ လူသေစေမှု၊ မတရားချုပ်နှောင်မှု၊ မုဒိမ်းမှုစသည်တို့ကို အရပ်ဘက်တရားရုံးတွင် တရားစွဲခွင့်မရှိခြင်းသည် ပြည်သူလူထု၏ ဥပဒေကြောင်းအရ နစ်နာဆုံးရှုံးမှုကြီးဖြစ်သည်။ စစ်ဘက်တရားရုံး၏ တရားစီရင်မှုအသေးစိတ်ကိုလည်း အရပ် သားများနှင့် မီဒီယာများ တက်ရောက်နားထောင် သိရှိခွင့်မရဘဲ ကာကွယ်ရေးဦးစီးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးသတ်အတည်ဖြစ်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၃(ခ)တွင် ပါရှိသဖြင့် ကာကွယ်ရေးဦးစီးချုပ် သည် တရားစီရင်ရေးမဏ္ဍိုင်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုတရားသူကြီးချုပ်တို့ ထက် မြင့်မားသောအာဏာကို ရယူထားနိုင်ခြင်းဖြစ်နေပါသည်။ ထိုသို့ မြင့်မားသော တရားလွန်အာဏာကိုရယူ ထားပြီးနောက် သမ္မတသည်လည်း တပ်ကလာသူဖြစ်သည်ဆိုလျှင် တပ်ပေါ်တပ်ဆင့်ကာ စစ်အာဏာရှင်နိုင်ငံပဲ ပေါ်ပေါက်လာပေမည်။ ထိုအချက်သည် တိုင်းပြည်နောင်ရေးအတွက် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ မည်သူ့ကိုမုန်း၍ မည်သူ့ကိုဖား၍ ပြောနေခြင်းမဟုတ် ၅၁ သန်းသော ပြည်သူလူထုအပေါ် ကျရောက်လာမည့် နိုင်ငံရေးဘေးဒုက္ခဆိုးကြီးကို ထောက်ပြဝေဖန်နေခြင်း ဖြစ်သည်။ ထို့ကြောင့် လောလောဆယ်ပြင်၍ မရသေး သည့် စကြ၀တေးမင်းသဖွယ်ဖြစ်တော်မူသော ကာချုပ်၏ တရားလွန်အာဏာကို မပြင်ဆင်နိုင်သေးသည့်အချိန် တွင် တပ်မှလာသည့် စစ်ဗိုလ်ချုပ်တယောက် သမ္မတဖြစ်မည့်အရေးကို နိုင်ငံတိုးတက်ရေးအတွက် ၀ိုင်းဝန်း မဲပေးတိုက်ဖျက်သင့်ပေသည်။ ဆိုရလျှင် တပ်မတော်နှင့် စည်းဝါးရိုက်ကာ တသားတည်းဖြစ်နေသော ပါတီကို မဲပေးမိလျှင် ကာချုပ်နှင့်သမ္မတ ညှပ်၍တိုက်သော ပြင်းထန်သော စစ်အုပ်ချုပ်ရေးပုံစံမျိုးသာ ရောက်ရှိလာပေ မည်။ ထိုပုံစံကိုလည်း ၂၀၁၀ မှ ၂၀၁၅ အတွင်း ပထမအကြိမ် အမြည်းသဘောနှင့် ကြုံခဲ့ရပြီးပြီ ဖြစ်သည်။
စစ်ဗိုလ်ချုပ်များကို နိုင်ငံတော်သမ္မတမဖြစ်စေလိုသော နောက်တချက်မှာ တပ်မတော်သားများသည် စစ်တပ် စည်းမျဉ်းဖွဲ့စည်းပုံစနစ်အရ အမိန့်ပေး၊ အမိန့်ခံစနစ်နှင့် အသားကျနေသူများ ဖြစ်သည်။ အထက်အမိန့် နာခံမှု ကိုသာ အဓိကထားတတ်သူများဖြစ်ရာ သူတို့သည် အထက်ကခိုင်းမှ လုပ်တတ်သည်။ အထက်အမိန့်မရဘဲ ကိုယ့်ဆုံးဖြတ်ချက်နှင့်ကိုယ် ဘာမှမလုပ်တတ်။ အမိန့်အရလုပ်ရာတွင် ခိုင်းသလောက် အမိန့်ပေးသလောက် သာလုပ်တတ်သည်၊ ခိုင်းတာထက်ပိုပြီးလည်းမလုပ်တတ်၊ ခိုင်းတာထက် လျော့ပြီးလည်းမလုပ်တတ်၊ ခိုင်း သလောက်ကိုသာ ရေဘူးပေါက်တာမလိုချင်ဘူး၊ ရေပါတာလိုချင်တယ်ဟူသော သြ၀ါဒဖြင့် တိတိကျကျ တသဝေမတိမ်း ဆောင်ရွက်တတ်သည်။ ဥပမာအားဖြင့် လွှတ်တော်ထဲတွင် မဲခွဲကြသောအခါ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ယိမ်းတိုက်ထားသလို တညီ တညွတ်တည်း မဲပေးကြခြင်းကိုကြည့်၍ ပင်ကိုဥာဏ်ဖြင့် ဆုံးဖြတ်ခြင်းမဟုတ်ဘဲ အမိန့်ပေး၊ အမိန့်ခံစနစ်ဖြင့် မဲပေးကြခြင်းဖြစ်ကြောင်းတွေ့ နိုင်ပေသည်။ ထိုဓလေ့သည် စစ်တပ်ထဲတွင် စစ်တိုက်ကြသောအခါ အသုံးဝင်သော်လည်း နိုင်ငံတော်ကို ဦးဆောင်အုပ်ချုပ် ကြသောအခါ အလုပ်မဖြစ်တာတွေ့ရသည်။ တိုင်းသူပြည်သားများက လိုချင်သော ခေါင်းဆောင်မှာ သူများ အမိန့်ပေးမှ လုပ်တတ်သော ခေါင်းဆောင်မဟုတ်၊ မိမိ၏ကိုယ်ပိုင် ဥာဏ်နှင့်ချင့်ချိန်၍ ပိုလုပ်စရာရှိလျှင် ပိုလုပ် တတ်သော၊ လျှော့လုပ်စရာရှိလျှင် လျှော့လုပ်တတ်သော၊ အရာရာကိုပညာဥာဏ်ဖြင့် ဆုံးဖြတ်ဦးဆောင်တတ် သည့် လီကွမ်ယုလို အရပ်သား ပညာတတ်ခေါင်းဆောင်ကို ဖြစ်သည်။ ခြွင်းချက်အဖြစ် ဗိုလ်ချုပ်အောင်ဆန်း လို၊ ဂျော့ဝါရှင်တန်လို၊ သာလွန်မင်းတရားကြီးလို စစ်ဘက်ရော၊ အရပ်ဘက် အုပ်ချုပ်ရေးရော ကျွမ်းကျင်သူများ ရှိနိုင်ပါ၏။ သို့သော် မြန်မာနိုင်ငံ၌ ထိုလိုခေါင်းဆောင်များမှာ ထပ်၍မတွေ့ဖူးအောင် အလွန်ရှားပါးသည်ဟု ပြောရမည်ဖြစ်သည်။
လူသည် ဘက်စုံတော်ဖို့ဆိုသည်မှာ မမျှော်လင့်ကောင်းသော ကိစ္စဖြစ်သည်။ စစ်တိုက်တာတော်သူက စီးပွား ရေးတွင် တော်ချင်မှတော်မည် (ဥပမာအဖြစ် တပ်မတော်မှ နိုင်ငံတော်အာဏာကို ၁၉၆၂ မှစကာ ချုပ်ကိုင်ပြီး နောက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး LDC နိုင်ငံသို့ သက်ဆင်းသွားခြင်း၊ အာဆီယံ ၁၁ နိုင်ငံတွင် ဘိတ်ဆုံးနီးပါးသို့ ရောက်နေခြင်း၊ ပညာရေးစနစ် ချွတ်ခြုံကျသွားခြင်း စသည်တို့ကို ကြည့်နိုင်သည်)။ ဆေးပညာ တော်သူက အင်ဂျင်နီယာပညာတွင် ရချင်မှရမည်။ ငါတို့အားလုံးတော်သည် အားလုံးတတ်သည်ဟုထင်နေပါက ရူးသွပ်မှုတခုသာ ဖြစ်ပေလိမ့်မည်။ တဖန်အရပ်သားများသည် စစ်ရေးနားမလည်သဖြင့် သမ္မတမလုပ်သင့်ဟု ယူဆပါကလည်း မှန်မည်မဟုတ်၊ ပြီးခဲ့သောရက်ပိုင်းက တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံစစ်ရေးတင်းမာမှု များဖြစ်စဉ်က တောင်ကိုရီးယားနိုင်ငံမှ အရပ်သားအမျိုးသမီးသမ္မတသည် စစ်ရုံးချုပ်တွင် ကိုယ်တိုင်ရောက်ရှိ ကွပ်ကဲနေသည်ကို သတင်းများတွင် တွေ့ရပါသည်။ အရပ်သားအမျိုးသမီးက နိုင်ငံကာကွယ်ရေးကိုစနစ်တကျ လုပ်ဆောင်ကွပ်ကဲနိုင်တာတွေ့ရပေသည်။ အရပ်သားတိုင်း အလကားဟူသော အထင်အမြင်သေးသည့်အယူ အဆမှာ LDC လုပ်ခံထား ရသော အယူအဆသာဖြစ်သည်။ မမှန်ကန်နိုင်ပေ။
တဖန် အတိုက်အခံပါတီဖြစ်သော N.L.D ပါတီကိုပြန်ကြည့်ကြပါစို့။ သူတို့နိုင်၍အစိုးရဖွဲ့နိုင်ခဲ့လျှင်ပင် သူတို့ ပါတီမှ တပ်မတော်မှ အရာရှိဟောင်းများကိုပင် သမ္မတလောင်း မတင်မြှောက်စေချင်ပေ။ ကျွန်တော်တို့ နိုင်ငံကို ဆင်းရဲတွင်းမှ ဆွဲထုတ်၍ ကမ္ဘာ့အလယ်၌ ဂုဏ်သိက္ခာရှိရှိရပ် တည်နိုင်သော အခြေခံကောင်းများချပေးနိုင်သော အရပ်သားပညာတတ် ခေါင်းဆောင်တယောက်ကိုသာ (ယောက်ျားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ) လိုချင်ပါသည်။ ကျွန်တော်တို့နိုင်ငံကို ခေါင်းဆောင်မည့်သူသည် ကမ္ဘာကလက်ခံသော ခေတ်ပညာတခုခုကို ပေါက်ပေါက် မြောက်မြောက်တတ် စေချင်ပါသည်။ အိုင်တီနည်းပညာကို နားလည်တတ်ကျွမ်းသူဖြစ်စေချင်ပါသည်။ (ထိုဆန္ဒ သည် မြန်မာပြည်တ၀ှမ်းလုံးရှိ လူဝင်မှုကြီးကြပ်ရေးရုံးများ၊ အစိုးရဘဏ်များ၊ အခွန်ဦးစီးရုံးများ၊ စာတိုက်များ၊ ရဲစခန်းများ အခြားဌာနဆိုင်ရာများတွင် မှတ်တမ်းမှတ်ရာများကို စက္ကူဖိုင်လ်များတွဲကာ မြွေရေခွံအိတ်များ၊ သစ်သားဖိုင်တွဲများ၊ တောင်လိုပုံသောစာရွက်စာတမ်းများဖြင့် သိမ်းဆည်းထားကြပုံကိုမြင်တိုင်း ပေါ်လာသော စိတ်ကူးဖြစ်သည်)။
အိုင်တီနည်းပညာဆိုသည်မှာ ကျောင်းများ၊ ရုံးများတွင် ဟန်ပြအဖြစ် ကွန်ပျူတာနှစ်လုံး၊ သုံးလုံးလောက်ထား ခြင်းဟု ထင်နေသူများနိုင်ငံကို ဦးဆောင်နေသမျှ မြန်မာနိုင်ငံသည် ကမ္ဘာ့နောက်ဆုံးခပ်ဝေးဝေးတွင် ဖွတ်ကျော ပြာစုကာ ကျန်ရစ်နေမည်ဖြစ်သည်။ ထို့ကြောင့် အလွန်အသက်ကြီးသော သမ္မတမျိုးကိုလည်း ကျွန်တော်တို့မလို ချင်ပါ။ တတနိုင်လျှင် မြန်မာနိုင်ငံ၏ သမ္မတသစ်သည် အသက် ၄၀ နှင့် ၇၀ ကြားသာဖြစ်သင့်ပါသည်။ အသက် အရွယ်ငယ်လွန်းသောအခါ အတွေ့အကြုံနုနယ်ခြင်းကို တွေ့နိုင်သလို အသက်အရွယ်ကြီးလွန်းခြင်းသည် နိုင်ငံ တော်အတွက် အားသွန်ခွန်စိုက်အလုပ်မလုပ်နိုင်ခြင်း၊ အသစ်ပေါ်ပေါက်လာသော နည်းပညာများကို နားမလည် သည့်အတွက် လက်ခံအသုံးချရန် ငြင်းဆန်ရှောင်လွဲခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။ နိုင်ငံတကာဗဟုသုတရှိသူ လည်း ဖြစ်စေချင်ပါသည်။ နိုင်ငံတကာတွင် ကျည်ဆန်ရထားပြေးဆွဲနေကြချိန်တွင် ရန်ကုန်မြို့ပတ်ရထား အချိန်မမှန်ခြင်း၊ ရထားအစင်းလိုက် ပျောက်သွားခြင်းများကို ရှက်ရကောင်းမှန်းသိသူများဖြစ်စေချင်ပါသည်။ နောက်ဆုံး အရေးအကြီးဆုံးအချက်မှာ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက်သက်သက် အလုပ်လုပ်ပေးလိုသော စာရိတ္တမျိုးရှိသူ။ မှတ်ကျောက်တင်ဝံ့သူကို ကျွန်တော်တို့နိုင်ငံ၏ ခေါင်းဆောင်ဖြစ်စေလိုပါသည်။ မိမိနှင့်မိမိအမျိုး အသိုင်းအ၀ိုင်းကောင်းစားရေးအတွက် လုပ်သွားကြသော မြင်ဖူးပြီးသားခေါင်းဆောင်များကို လူထုသည် မမြင် ချင်ကြတော့ပါ။
အတိုချုပ်၍ပြောရလျှင်
- စစ်တပ်မှမဟုတ်သောသူ
- ပညာတတ်သူ
- အကျင့်စာရိတ္တကောင်းသူ
- ကျန်းမာရေးကောင်းသူ
- နိုင်ငံတကာအဆင့်တွေးခေါ်တတ်သူ
ကို အနာဂတ်မြန်မာနိုင်ငံ၏ သမ္မတဖြစ်စေချင်ပါသည်။ ဒါမှသာ တိုင်းပြည်ဆင်းရဲတွင်းမှ ရုန်းထနိုင်ပါမည်။ ထိုခေါင်းဆောင်မျိုးတင်မည်ဟု ယုံကြည်ရသောပါတီကိုသာ တနိုင်ငံလုံးစုပြုံထောက်ခံရပါမည်။ ဒီပုတ်ထဲကဒီပဲ များကိုရွေးကောက်တင်မြှောက်လိုက်ပါလျှင် နောက်ထပ် ငါးနှစ်မဆိုထားနှင့် နောက်ထပ် ငါးကမ္ဘာကြာသည် အထိ မြန်မာပြည်သည် လူမွဲဘ၀မှ နာလန်ထနိုင်မည်မဟုတ်ပါကြောင်း။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Post a Comment