0

ကျောက်တန်း-ရန်ကုန် ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို သန်လျင်မြို့နယ် နတ်စင်တစ်ရာ ကားမှတ်တိုင်အနီးမှာ လမ်းပိတ်ဆို့ပြီး မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတဲ့ အဖွဲ့မှ အမျိုးသား သုံးဦးကို စက်တင်ဘာလ ၂၂ ရက်နေ့က ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရပါတယ်။
“တက္ကသိုလ်ကြိုပို့ကားနဲ့ ခရီးသည်ကားတွေကို ပိတ်ဆို့ပြီး တစ်စီးကို ကျပ်ငါးထောင်တောင်းတဲ့ အဖွဲ့ကို ကားသမားတွေက ယာဉ်လိုင်းတာဝန်ရှိသူတွေဆီ တိုင်ကြားတာကြောင့် ဖမ်းဆီးအရေးယူနိုင်ခဲ့တာပါ။ အဖမ်းခံရတဲ့ သူတွေက အလုပ်မရှိလို့ ကားသမားတွေဆီက ဘော်ဒါကြေးတောင်းတာလို့ ပြောပေမယ့် ဥပဒေမဲ့ လုပ်ဆောင်လို့ အရေးယူထားပါတယ်” လို့ သန်လျင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ်။
ခရီးသည်တင်ယာဉ်တွေကို မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေသူတွေဟာ သန်လျင်မြို့နယ် ဘုရားငါးဆူကျေးရွာမှာ နေထိုင်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှ စတင်ကာ သန်လျင်-ကျောက်တန်း လမ်းပေါ်ပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်တွေကို မော်တော်ဆိုင်ကယ်တွေနဲ့ အုပ်စုဖွဲ့ ပိတ်ဆို့ကာငွေတောင်းခံခဲ့တယ်လို့ တောင်ပိုင်းခရိုင်ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်မောင်းတွေထံမှ စုံစမ်းသိရပါတယ်။
“ဆိုင်ကယ်တွေနဲ့ ကားရှေ့က ပိတ်ရပ်တယ်။ ပိုက်ဆံမပေးရင် သတ်ပစ်မယ်၊ ရန်ပြုမခံရအောင် စပါယ်ယာဆီက ငွေငါးထောင်ယူပြီး ပေးလိုက်ရတယ်။ စက်တင်ဘာလ ၂၀ ရက်နေ့က ကားသုံးစီးကို ပိတ်ပြီး ငွေတောင်းတယ်လို့ ကြားပေမယ့် မယုံနိုင်ဘူး။ နောက်ရက်တွေမှာ ခရီးသည်ကားတွေကို သူတို့အဖွဲ့က တစ်စီးကို ဘော်ဒါကြေး ငါးထောင်ပေးဖို့ ခြိမ်းခြောက်ပြီးတောင်းလို့ တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ရတာ” လို့ အဓမ္မငွေတောင်းခံရတဲ့ တောင်ပိုင်းခရိုင်ယာဉ်လိုင်း အမှတ် ၂၅၈ မှ ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
ဆက်ကြေးတောင်းသူတွေဟာ သန်လျင်မြို့ ကျိုက်အင်းကျေးရွာ မှတ်တိုင်နဲ့ ပျဉ်ထောင်ကျေးရွာမှတ်တိုင်ကြားမှာ မွန်းလွဲ ၂ နာရီမှ ၃ နာရီခွဲကြားပြေးဆွဲနေတဲ့ ကျောက်တန်း-ရန်ကုန် ခရီးသည်တင်ယာဉ်တွေအပါအဝင် တက္ကသိုလ်ကြိုပို့ယာဉ်တချို့ကို ခြိမ်းခြောက်ပြီး ငွေတောင်းခံခဲ့တာကြောင့်ခရီးသည်တင်ယာဉ်တွေ လုံခြုံမှုရှိစေဖို့ မြို့နယ်ရဲတပ်ဖွဲ့က ယာဉ်လမ်းကြောင်းတွေ တစ်လျှောက် လုံခြုံရေးဆောင်ရွက်နေတယ်လို့ောတင်ပိုင်းခရိုင် မထသ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ခရီးသည်တင်ယာဉ်တွေကို မိုက်ကြေးခွဲ ဆက်ကြေးတောင်းနေတဲ့ အဖွဲ့မှ အသက် ၂၆ နှစ်အရွယ် အောင်သိန်း(ခ) လှသိန်းအပါအဝင် အမျိုးသားသုံးဦးကို ဖမ်းမိထားပြီး စည်သူမင်း၊ ဖိုးလုံး(ခ) ဝတုတ်နဲ့ မင်းဇော်တို့မှာ လွတ်မြောက်နေတာကြောင့် စုံစမ်းနေပြီး သူတို့ခြောက်ဦးကို (ပ)၆၂၅/၁၅၊ ပုဒ်မ ၃၈၆/၃၄၁/၁၁၄ တို့နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သန်လျင်မြို့မ ရဲစခန်းထံမှ သိရပါတယ်။


The Voice Weekly

Post a Comment

 
Top