0

သန်လျင်မြို့နယ် အောင်မင်္ဂလာရပ်ကွက် မြို့မ ကားမှတ်တိုင်မှာ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီလောက်က ခရီးသည်တင်ယာဉ်တွေကို ပြေးဆွဲနေတာ ရပ်တန့်ဖို့ တုတ်တွေ ကိုင်ဆောင်ပြီး တားဆီးခြိမ်းခြောက်ခဲ့တဲ့ တာဝ-မော်တင် ပြေးဆွဲနေတဲ့ ရွှေရန်ကုန် ယာဉ်လိုင်းနဲ့ ငြိမ်းချမ်းကမ္ဘာ ယာဉ်လိုင်းတို့မှ ယာဉ်နောက်လိုက် အမျိုးသား ငါးဦးကို အမှုဖွင့်ထားတယ်လို့ ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရပါတယ်။
“လိုင်းထွက်မယ့် ကားတွေကို မထွက်ဖို့ အုပ်စုဖွဲ့ တုတ်တွေကိုင်ပြီး ခြိမ်းခြောက်နေတယ်လို့ သတင်းရရချင်း ရဲတပ်ဖွဲ့က ချက်ချင်း အဲ့ဒီ မင်းမဲ့စရိုက်ဆန်ဆန် မတရားတားဆီးမှု ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးဖို့ အမီသွားခဲ့ပေမယ့် သူတို့အဖွဲ့က ထွက်ပြေးလို့ ရွှေရန်ကုန် ယာဉ်လိုင်းက စပယ်ယာတစ်ယောက်ပဲ မိခဲ့တယ်” လို့ သန်လျင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုပါတယ်။
မော်တော်ယာဉ် ဥပဒေသစ်ပါ ယာဉ်စည်း ကမ်းဖောက်ဖျက်ပါက အရင် ဒဏ်ကြေးငွေ ကျပ် ၁၅၀၀ အစား ကျပ်သုံးသောင်းအထိ တိုးမြှင့် သတ်မှတ်လိုက်တာကြောင့် ယာဉ်လိုင်းတချို့မှ ယာဉ်များ ရပ်နားထားပြီး ခရီးစဉ်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်တွေကို မပြေးဆွဲဖို့ တုတ်တွေ ကိုင်ဆောင်ကာ အုပ်စုဖွဲ့ ခြိမ်းခြောက်ခဲ့တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
အဲ့ဒီ တာဝ-မော်တင် ခရီးစဉ်ပြေးဆွဲတဲ့ ယာဉ်တွေကို တားဆီးခြိမ်းခြောက်ခဲ့တဲ့ အဖွဲ့မှ အသက် ၄၆ နှစ် ယာဉ်အကူ ဦးအောင်ကျော်ကို ဖမ်းမိခဲ့ပြီး သူနဲ့အတူ ထွက်ပြေးတိမ်းရှောင်နေတဲ့ တခြား ယာဉ်နောက်လိုက် လေးဦးကို (ပ) ၆၁၃/၁၅၊ ပုဒ်မ ၃၄၁/၂၉၄/၅၀၆/၁၁၄ နဲ့ အမှုဖွင့် စုံစမ်းဆောင်ရွက်နေတယ်လို့ သန်လျင်မြို့မ ရဲစခန်းထံမှ သိရှိရပါတယ်
The Voice Weekly

Post a Comment

 
Top