0

ထိုင်းနိုင်ငံ ဖူးခက်မြို့၌ အက်ဆစ်အပက်ခံရပြီး သေဆုံးသွားသည့် မြန်မာ အမျိုးသမီး မကေသီ၏ ရုပ်အလောင်းကို ဆေးကုသစရိတ် ပေးရန်ကျန်နေသေးသည့်အတွက် ဆေးရုံက ထုတ်မပေးနိုင်ဟု ပြောဆိုကြောင်း သေဆုံးသူ၏ ညီမ ဖြစ်သူက ပြောသည်။
ဆေးကုသစရိတ်မှာ ဘတ် ၃ သိန်းကျော် (ကျပ်သိန်းတရာကျော်) ကုန်ကျသည့်အနက် ဘတ် ၂ သိန်း ကျော်သာ ပေးဆောင်နိုင်ပြီး၊ ဘတ် ၉ သောင်းကျော် မပေးနိုင်သေး၍ အလောင်းကို ဆေးရုံတာဝန်ရှိသူများက ထုတ်မပေးခြင်း ဖြစ်သည်။
ပေးဆောင်ရန် ကျန်နေသေးသည့် ဆေးရုံစရိတ်ကို (၅) ရက် အတွင်း ပေးဆောင်ရန် အချိန်ပေးထားပြီး မပေး ဆောင် နိုင်ပါက ဆေးရုံမှ သင်္ဂြိုဟ်မည်ဟု သေဆုံးသူ၏ ညီမဖြစ်သူ ပိုးအိက ပြောသည်။
“ဘာပဲ ဖြစ်ဖြစ် ဆေးရုံကိုတော့ ပေးမသင်္ဂြိုဟ်ချင်ဘူး ။ မောင်နှမတွေ မိဘတွေလည်း ရှိတယ်ဆိုတော့ သူ့ကို ဒီလိုမျိုး မပစ်ထားချင်ဘူး။ ဆေးရုံမှာ ၅ ရက် တိတိပေါ့နော်။ ယူထုတ်လာချင်တယ်။ အရင်ဆေးကုစရိတ် တွေကို အလျူရှင်တွေ က ကူညီကြတယ်။ အခု ကျန်တဲ့ ပိုက်ဆံ ၉ သောင်းကျော်ကို ဘယ်လိုမှ ရှာလို့မရ ဖြစ်နေတယ်။ တဝက် လောက် ရရင်တောင် ဆေးရုံကို ပြောကြည့်မယ်ပေါ့နော်”
သေဆုံးသူ အသက် (၂၂ ) နှစ် မကေသီအား အလုပ်အတူ လုပ်နေသည့် မသဇင်မိုးဆိုသူမှ သြဂုတ်လ ၂ရ ရက်က ဖောမစ်အက်ဆစ်ဖြင့် ပက်လိုက်သည့်အတွက် ပြင်းထန်စွာ ဒဏ်ရာ ရရှိပြီး မျက်လုံး နှစ်ဘက် နှင့် နား နှစ်ဘက်ပါ ပျက်စီး သွားသည်။
“ ကျမတို့က သဇင်မိုးနဲ့ မောင်နှမလိုပဲ အတူတူနေကြတာ။ နောက်ပိုင်းသူက ပိုက်ဆံတွေ၊ ရွှေတွေ ခိုးလာတယ်။ ကျမတို့က မျက်နှာပျက်မှာစိုးလို့ ဘာမှ မပြောဘဲ နေတာပေါ့။ နောက်ဆုံး သေသွားတဲ့ အစ်မရဲ့ ပတ်စ်ပို့ကို ခိုးတော့ သူဌေးမက သူ့ကို ရဲခေါ်ပြီး ဖမ်းခိုင်းလိုက်တာ။ အဲဒါကို သူ မကျေနပ်ဘူး။ နောက် ၅ လလောက်ကြာ သူပြန်လာပြီး အစ်မကို အက်ဆစ်နဲ့ ပက်လိုက်တာ” ဟု ညီမဖြစ်သူက ပြောသည်။
မကေသီသည် ဖူးခက်မြို့ရှိ ဝချီလဆေးရုံးတွင် အတွင်းလူနာအဖြင့် ဆေးကုသမူ ခံယူခဲ့ပြီး၊ စက်တင်လ ၁၇ ရက်နေ့က ထိုဆေးရုံ၌ ဆုံးသွားခဲ့ကြောင်း ညီမ ဖြစ်သူက ပြောသည်။ ဆရာဝန်၏ ပြောကြားချက်အရ ရောဂါပိုးများသည် ခန္ဓာကိုယ် တခုလုံး ပျံ့နှံ့သွားပြီးနောက် သေဆုံးသွားခြင်းဟု ဆိုသည်။
အက်ဆစ်နှင့်ပက်သည့် မြန်မာအမျိုးသမီး သဇင်မိုးကို ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးထားပြီ တရားမစီရင်သေးကြောင်း သိရသည်။ သေဆုံးသူအမျိုးသမီး သည် မြန်မာနိုင်ငံ ကော့သောင်းမြို့တွင်နေထိုင်ပြီး ထိုင်းနိုင်ငံ ဖူးခက်မြို့တွင် ညီမဖြစ်သူနှင့် အတူတူ အလုပ်လုပ်နေသည်မှာ ၂ နှစ်ခန့်ရှိပြီ ဖြစ်သည်။
ဧရာဝတီ

Post a Comment

 
Top