0

ရန်ကုန်၊ စက်တင်ဘာ ၂၅
ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မိုင်းခေါင်ဒေသ လိုက်ကာကျေးရွာ အနီးတွင် မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIO) တို့ စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ အပြန်အလှန် ပစ်ခတ်မှုများကြောင့် ယင်းကျေးရွာအနီးရှိ ဒေသခံ သုံးဆယ်ကျော် ပိတ်မိနေကြောင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ လုပ်ဆောင်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် အေးချမ်းမြန်မာ အင်စတီကျူ ဒါရိုက်တာ ဆလိုင်းအိုက်ဇက်ခင်က ပြောကြားသည်။
ပိတ်မိနေသူ သုံးဆယ်ကျော်သည် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေသော ကျေးရွာငါးရွာမှ ဒေသခံများဖြစ်ပြီး သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ ပါဝင်နေကာ ၎င်းတို့ကို ကယ်ထုတ်နိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများက ပြုလုပ်နိုင်ခြင်း မရှိသောကြောင့် မြန်မာ့တပ်မတော်နှင့် ကေအိုင်အိုတပ်က အမြန်ဆုံး ကူညီကယ်ထုတ်ပေးရန် တောင်းဆိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အပြန်အလှန် ပစ်ခတ်မှုကြား ပိတ်မိနေသော ဒေသခံများမှာ ဂျေဆောန်း၊ မုန်းလူး၊ လိုက်ကာ၊ ကုန်းခါးပါ၊ ဖဂါရိုင်ကျေးရွာတို့မှ ဒေသခံများဖြစ်သည်။
“တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ်ရေးထိုးနိုင်ရေး ပြင်ဆင်နေချိန်မှာ အခုလို တိုက်ပွဲတွေဖြစ်တယ် ဆိုတာက အပြောနဲ့အလုပ် မညီတာပဲ။ စစ်ပြေးဘေးရှောင်စခန်း ချဲ့စရာမလိုဘူး။ တစ်နိုင်ငံလုံး ပါဝင်တဲ့ အပစ်ခတ်ရပ်စဲရေး အောင်မြင်အောင် လုပ်ရမယ်” ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ဆိုသည်။
တပ်ဖွဲ့နှစ်ဖွဲ့အကြား အပြန်အလှန်ပစ်ခတ်မှု သတင်းများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းထံ အောက်ခြေက သတင်းပေးခြင်းနှင့် အကူအညီတောင်းခြင်း မရှိသေးသောကြောင့် လက်ရှိအချိန်တွင် ယင်းနေရာသို့ သွားရောက်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာသာလှဆွေက ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင် ကိုးဦး ပါဝင်သော ကိုယ်စားလှယ်အဖွဲ့တို့ စက်တင်ဘာလ ၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးကာ အောက်တိုဘာလဆန်းတွင် ထပ်မံဆွေးနွေးရန် သဘောတူညီထားသည်။
The Voice Weekly

Post a Comment

 
Top