ဘားအံမြို့နယ်တွင် ကျေးရွာအုပ်စု ၉၉ စု၊ ကျေးရွာပေါင်း ၄၇၄ ရွာ၊ မြို့ပေါ်ရပ်ကွက် ကိုးခုတွင် ဒုတိယအကြိမ်ထုတ်ပြန်သော မဲဆန္ဒရှင်စာရင်းမှာ ပထမအကြိမ် ထုတ်ပြန်သော အခြေခံမဲစာရင်းထက် ပိုမိုမှားယွင်းနေကြာင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
“ပထမအကြိမ်ထုတ်ပြန်တဲ့ အခြေခံမဲဆန္ဒရှင်စာရင်းမှာ နာမည်မှားယွင်းလို့ ပြင်ဆင်ပြီး ပြန်တင်လိုက်တယ်။ ဒုတိယအကြိမ် ထုတ်ပြန်စာရင်းမှာ ဒေါ်.... ဆိုပြီး နာမည်အပြည့်အစုံ မပါလာပြန်ဘူး။ တချို့လည်း နာမည်တူ၊ လိပ်စာတူ အမည်တူနှစ်ခု ထပ်တာ မျိုး တွေ့ရတယ်။ ပထမအကြိမ်ထက် ဒုတိယအကြိမ် မှားယွင်းမှုက ပိုမိုဆိုးရွားတယ်လို့ ဆိုရမယ်။ အမှားမြင်လို့ အမှန်ပြင်တာ အမှားပြန်ဖြစ်နေတော့ အမှားနဲ့အမှားပေါင်းပြီး အမှန်လို့ ယူဆရမလိုဖြစ်နေတယ်” ဟု ဘားအံမြို့ အမှတ် (၇) ရပ်ကွက်၌နေထိုင်သည့် ကိုတိုးက ပြောကြားသည်။
ဇွန် ၈ ရက်က ပထမအကြိမ် ထုတ်ပြန်သည့် အခြေခံမဲဆန္ဒရှင်စာရင်းကို လာရောက်ကြည့်ရှုသူ နည်းပါးသကဲ့သို့ ဒုတိယအကြိမ် ထုတ်ပြန်သည့် မဲစာရင်းကို လာရောက်ကြည့်ရှုသူ မရှိသလောက်နည်းပါးမှုမှာ မဲလာရောက်ကြည့်ရှုရန် လှုံ့ဆော်မှုအားနည်းခြင်း ဖြစ်၍ မလိုလားအပ်သော မဲအရေအတွက် ဆုံးရှုံးနစ်နာမှုရှိနိုင်ကြောင်း အမှတ် (၅) ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
“မဲစာရင်းကြည့်ရှုရာမှာ တစ်ဆင့်စကား တစ်ဆင့်ကြားပြီး ကြည့်ရှုသူ နည်းပါးရခြင်း ဖြစ်တယ်လို့ ယေဘူယျ သတ်မှတ်ရမှာဖြစ်ပါတယ်။ နဂိုကတည်းက စားဝတ်နေရေးအတွက် အချိန်နဲ့အမျှ ရုန်းကန်နေရသူက ခပ်များများပါ။ အခုလို မဲစာရင်းကြည့်ပြီး မျက်စိလည် ခေါင်းရှုပ်ရမယ့်ကိစ္စဆိုတော့ တကူးတကလာ မကြည့်ကြသူတွေ များတယ်။ ဒီတစ်ကြိမ်ဟာ ကိုယ့်ဘ၀ရဲ့ နောက်ဆုံးလွတ်မြောက်ရေးတစ်ခုပဲ။ လှုံ့ဆော်မှုက အရမ်းအားနည်းတော့ ရပ်ကွက်တွေမှာ မဲစာရင်းကြည့်ရှုသူ မရှိသလောက် နည်းပါးတာတွေ့ရတယ်” ဟု မဲစာရင်းကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက ဆိုသည်။
ပထမအကြိမ် မဲစာရင်းထုတ်ပြန်ချက်အရ ဘားအံမြို့နယ်တွင် မဲဆန္ဒနယ်များကို သံလွင်မြစ် အရှေ့ခြမ်း၊ အနောက်ခြမ်းခွဲခြားထားပြီး မဲရုံပေါင်း ၂၂၄ ရုံ၊ မဲပေးခွင့်ရှိသူ ၃၀၄၉၁၆ ဦးရှိကြောင်း၊ ဒုတိယအကြိမ် မဲဆန္ဒရှင် ထုတ်ပြန်စာရင်းတွင် တပ်မတော်တပ်ဖွဲ့၊ ရဲတပ်ရင်းများ ပါဝင်လာခြင်းကြောင့် မဲပေးခွင့်ရှိသူ ပိုမိုတိုးလာသော်လည်း CSO အပိုင်းနှင့် နိုင်ငံရေးပါတီအပိုင်းမှ မဲစာရင်းကြည့်ရှုလှုံ့ဆော်မှုကို အားထည့်ရန် လိုအပ်မှုရှိကြောင်း မြို့ခံများက သုံးသပ်ပြောကြားသည်။
Post a Comment