0


ဒေါက်တာ ညိုညိုသင်း ဗဟန်းမြို့နယ်ရှိ မဲဆန္ဒရှင် ပြည်သူများအား မဲဆွယ်စည်းရုံး ရှင်းလင်းပြောကြားစဉ်
မိမိအား မဲပေးခြင်းဖြင့် မည်သည့်ပါတီ၏ အစိုးရဖွဲ့ခြင်းကိုမှ ထိခိုက်နိုင်မည် မဟုတ်သလို  မဲကွဲမည်လည်း မဟုတ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ညိုညိုသင်းက ၎င်း၏ ဗဟန်းမြို့နယ် မဲဆန္ဒရှင်များအား ရှင်းလင်း ပြောကြားမှုများ ပြုလုပ်လျက်ရှိသည်။

ဒေါက်တာညိုညိုသင်းက ၎င်းဝင်ရောက် ယှဉ်ပြိုင်မည့် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အတွင်း တစ်ပတ်လျှင် လေးရက်နှုန်းဖြင့် တစ်အိမ်တက်ဆင်း မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နေခြင်းဖြစ်ကာ စက်တင်ဘာ ၂၆ ရက်က ဗဟန်းမြို့နယ်၊  ဆရာစံ မြောက်ရပ်ကွက်အတွင်း မဲဆွယ်စည်းရုံးစဉ် ပြည်သူများအား ယခုကဲ့သို့ လိုက်လံ ရှင်းပြခဲ့ခြင်းဖြစ်သည်။

“ပြည်ထောင်စု လွှတ်တော်အတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးနဲ့ ကျွန်မတို့လို ရွေးကောက်ခံရမယ့် ကိုယ်စားလှယ်လောင်းက ၄၉၈ ဦးရှိပါတယ်။ ဆိုတော့ စုစုပေါင်း ၆၆၄ ယောက်မှာ ၅၀ ရာခိုင်နှုန်း ကိုယ်စားလှယ် ၃၃၃ ဦးနဲ့ နောက်ထပ်တစ်ဦး၊ ၃၃၃ ဦး အပေါင်းနှစ်ဦး ရှိရုံနဲ့ အစိုးရဖွဲ့လို့ရပြီ။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နှစ်ရပ် စုစုပေါင်း ပြည်ထောင်စုလွှတ်တော် အတွက်ပေါ့။ ရွေးကောက်ခံမယ့် ကိုယ်စားလှယ် ၄၉၈ ယောက်မှာ ၃၃၃ ယောက်ရှိရင်နဲ့ အစိုးရဖွဲ့နိုင်ပြီဆိုတော့ ၁၆၅ ယောက်က ပိုနေတယ်။ အဲတော့ ပိုနေတဲ့နေရာလေးကို ကျွန်မကို မဲပေးလို့ရတယ်။ တစ်ခါ ကျွန်မကို မဲပေးခြင်းဖြင့် မဲကွဲစရာအကြောင်း မရှိဘူး။ ဆိုတော့ ကျွန်မနဲ့ NLD နဲ့ ယှဉ်နေတယ်ဆိုရင် ကျွန်မကို မဲပေးခြင်းအားဖြင့် NLD ရှုံးသွားမှာ မဟုတ်ပါဘူး။ ကျွန်မကို မဲထည့်ရင် အစိုးရဖွဲ့စေချင်တဲ့ပါတီ နစ်နာသွား မလားဆိုပြီး စိုးရိမ်တာတွေ ရှိတယ်။ ဒါကြောင့် ကျွန်မကို မဲပေးခြင်းဖြင့် ပြည်သူက အစိုးရဖွဲ့စေချင်တဲ့ ဘယ်ပါတီကမှ ထိခိုက်နိုင်မှာ မဟုတ်ဘူးဆိုတာ ဒါလေးကို ကျွန်မ အဓိက ရှင်းပြချင်တာပါ။ ကျွန်မတို့ မဲဆန္ဒနယ်မှာဆိုရင် လွှတ်တော် သုံးရပ်အတွက် သုံးမဲပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော် အတွက်တော့ ကျွန်မကိုမဲပေးပါ။ကျန်လွှတ်တော်တွေကတော့ လူထုနှစ်သက်တဲ့ ပါတီကို မဲပေးနိုင်ပါတယ်”ဟု ဒေါက်တာ ညိုညိုသင်းက ပြောကြားသည်။

ဒေါက်တာညိုညိုသင်းက မိမိအနေဖြင့် လာမည့် လွှတ်တော်သက်တမ်းတွင် ပိုမိုထိရောက်သော လွှတ်တော် လုပ်ငန်းစဉ်များ လုပ်ဆောင်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင် ရခြင်းဖြစ်ပြီး သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ လုပ်ဆောင်ရန်၊ လူငယ်များ ပညာရေးနှင့် ပတ်သက်၍ အတားအဆီး အချုပ်အနှောင် ဖြစ်စေသည့် ဥပဒေများကို ပယ်ဖျက်ပေးနိုင်ရန်နှင့် ပညာရေး အဆင့်အတန်း မြင့်မားစေရန်၊ နိုင်ငံတော် စီမံကိန်းများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုများ ဖြစ်ပေါ်လာစေရေး စိစစ်မှုများ ပြုလုပ်နိုင်ရန်နှင့် လယ်သမားများ၏ မြေယာပြဿနာ များကို ဖြေရှင်းပေးနိုင်ရန် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်းနှင့် ဗဟန်းပြည်သူများမှ အစပြု၍ နိုင်ငံသူ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးများ ချိုးဖောက်ခံရလျှင် အမှန်တရားဘက်မှ ရပ်တည် အကာအကွယ် ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။

အဆိုပါ မဲဆွယ်စည်းရုံးမှုတွင် ဒေါက်တာညိုညိုသင်းနှင့် အောင်နိုင်ရေး အဖွဲ့ဝင်များသည် ရွေးကောက်ပွဲဆိုင်ရာ ဟောပြောခြင်းများ ပြုလုပ်ခဲ့ပြီး လက်ကမ်း စာစောင်များ၊ မဲပေးနည်း လမ်းညွှန်စာရွက်များ ဖြန့်ဝေပေးခြင်းနှင့် မဲဆန္ဒရှင် စာရင်းတွင် ပါဝင်မှုရှိ၊ မရှိ စိစစ်ပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးခဲ့သည်။

ဗဟန်းမြို့နယ် ဆရာစံ မြောက်ရပ်ကွက်၊ အနောက် မြို့ပတ်လမ်းမှ ဒေါ်သန်းတင်က “ဒေါက်တာ ညိုညိုသင်းကို သဘောကျပါတယ်။ ရေဒီယိုထဲမှာ၊ တီဗီထဲမှာ သူ့လုပ်ဆောင်ချက်တွေကို တွေ့ရတယ်။ အခုရပ်ကွက် ထဲမှာ ပါတီနဲ့လူ ဘယ်သူ့ ရွေးရမလဲဆိုတာ တွေတော့ ပြောနေကြတာပေါ့။ ကျွန်မကတော့ တကယ်လုပ်နိုင်တယ်လို့ ယူဆတဲ့၊ ကြိုက်တဲ့လူကိုပဲ မဲပေးမှာပါ”ဟု ပြောကြားသည်။

ဒေါက်တာညိုညိုသင်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး လွှတ်တော်တွင်း ရန်ကုန်မြို့သစ် စီမံကိန်းအား ဆိုင်းငံ့ပေးရန် အဆို၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အသက် ၇၀ ကျော် သက်ကြီး ရွယ်အိုများအား နိုင်ငံပိုင် ဆေးရုံကြီးများ၌ အခမဲ့ ဆေးကုသခွင့်ပေးရန် အဆို၊ ကျိုက္ကဆံကွင်းအား ပုဂ္ဂလိကကို ရောင်းချရန် စီစဉ်မှုအား ရပ်ဆိုင်းရန် အဆို၊ Dagon City အိမ်ရာ စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း ဆိုင်းငံ့ပေးထားရန် စသည့် အရေးကြီး အဆိုများ အပါအ၀င် အဆိုပေါင်း ၄၀ ကျော် တင်သွင်းခဲ့ပြီး မေးခွန်းပေါင်း ၄၀၀ ကျော် မေးမြန်းခဲ့ကြောင်း သိရသည်။
Writer: 
ဇာလီမြင့်ဦး

http://news-eleven.com/

Post a Comment

 
Top