0

ရန်ကုန်၊ စက်တင်ဘာ ၂၆
လက်ဆင့်ကမ်း ရောင်းချနေသည့် မော်တော်ယာဉ်များအတွက် အခွန်ဦးစီးဌာန၏ အခွန်ပုံစ မပါသော်လည်း ပိုင်ရှင်အမည်ပေါက် အဖြစ် ပြောင်းလဲခြင်းကို မကြာခင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ထံမှ သိရသည်။
စက်တင်ဘာလ ၇ ရက်နေ့က ထုတ်ပြန်လိုက်သည့် မော်တော်ယာဉ် ဥပဒေသစ်အရ ဝယ်ယူထားသည့် ယာဉ်များကို တစ်လအတွင်း အမည်ပြောင်း လျှောက်ထားရမည် ဖြစ်ကြောင်း၊ လက်ရှိ မော်တော်ယာဉ် ပိုင်ဆိုင်ထားသူ၏ အမည်မှန်စာရင်း ရရှိနိုင်ရန် အခွန်ပြေစာ မပါရှိပါကလည်း အမည်ပြောင်းလဲပေးမည် ဖြစ်ကြောင်း အဆိုပါဌာန ညွှန်ကြားရေးမှူး ဦးလျန်ကျင့်မန်က ပြောကြားသည်။
“အခွန်ဦးစီးမှာ ပုံစံ ၁ သွင်းပြီးမှ ကျွန်တော်တို့ဆီကို လာရတာ။ မော်တော်ယာဉ် ဥပဒေသစ်အရ တစ်လအတွင်းဆိုရင် အခွန်ပုံစံရဖို့ မလွယ်နိုင်ဘူး။ အဲဒါကြောင့် အခွန်ပုံစံပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ အမည်ပြောင်းပေးမယ်။ ဥပဒေအရ အကျုံးဝင်နေပြီ ဖြစ်ပေမယ့် နည်းဥပဒေ ထွက်လာရင်တော့ ပိုအဆင်ပြေသွားမယ်” ဟု ၎င်းက ဆိုသည်။
ယခင်က မော်တော်ယာဉ် မှတ်ပုံတင် သက်တမ်းတိုးရာတွင် အမည်ပေါက်သူ၏ မှတ်ပုံတင် လိုအပ်သောကြောင့် အမည်ပေါက် မပြောင်းလဲကြသော်လည်း ယခုနောက်ပိုင်းတွင် လက်ဝယ်ပိုင်ဆိုင်သူ ကိုယ်တိုင် သက်တမ်းတိုး လျှောက်ထားနိုင်မည်ဖြစ်ကြောင်း၊ ယခင်က အခွန်ရှောင်လိုသည့်အတွက် အမည်ပေါက် လျှောက်ထားသူ နည်းပါးကြောင်း မော်တော်ယာဉ် အကျိုးဆောင်များထံမှ သိရသည်။
“အရင်က သက်တမ်းတိုးဖို့အတွက် ဆိုရင် အမည်ပေါက် မှတ်ပုံတင် ငှားရမ်းခ သက်သက်ငွေပေးရတာ။ ကညနရဲ့ ရာဖြတ်ရုံးကတော့ ကားတန်ဖိုးကို ဖြတ်ပေးလိုက်တယ်။ သိန်း ၁၀၀ ကျော်တန်ဆိုရင် သုံးသိန်းကျော်လောက် ဆောင်ရတယ်။ အခွန်ဆောင်ပြီးမှ အမည်ပေါက်ရတာ။ ရာဖြတ်တန်ဖိုး နည်းအောင်ဖြတ် Tips money ပေးရသေးတယ်” ဟု ကမာရွက်မြို့နယ်တွင် နေထိုင်သည့် ယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးသိန်းအောင်ဇော်က ရှင်းပြသည်။
ယင်းစနစ်သစ်အတွက် ရုံးတွင်းဆိုင်ရာ အမိန့်များ ထုတ်ပြန်ဆောင်ရွက်သွားမည် ဖြစ်ပြီး မော်တော်ယာဉ် အမည်ပေါက် လျှောက်ထားသူများမှာ တရားဝင် ဝယ်ယူထားသည့် စာချုပ်၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်နှင့် ဝယ်ယူသူကိုယ်တိုင် လျှောက်ထားနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ထံမှ သိရသည်။

The Voice Weekly

Post a Comment

 
Top