0


မဲဆွယ်စည်းရုံးရေးခရီးစဉ်အဖြစ် ဟုမ္မလင်းမြို့သို့ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုနေကြသူများ -ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ  ရွေးကောက်ပွဲ တွင် အနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ခဲ့ လျှင် နောင်လာမည့် ရွေးကောက် ပွဲများ၌ ယခုရွေးကောက်ပွဲကဲ့သို့ မဲစာရင်း မှားယွင်းသည့်အားနည်းချက်များ မရှိစေရန် တာဝန်ယူ ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားလိုက် သည်။ ‘‘အခုချိန်မှာတော့ မဲပေးခွင့်ရ ဖို့၊ မဲစာရင်းမှာပါဖို့ကို ကျွန်မတို့ ပြည်သူတွေကိုယ်တိုင် ကြိုးစားကြပါ။ အမှန်တော့ ဒီကိစ္စက အစိုးရ က တာဝန်ယူရမယ့်ကိစ္စပါ။ ကျွန်မတို့ပါတီသာ   အစိုးရဖြစ်လာရင် (၁၈)နှစ်ပြည့်ပြီးတဲ့ နိုင်ငံသား တိုင်း မဲပေးခွင့်ရဖို့၊ မဲစာရင်းမှာ ပါ ဖို့ အစိုးရက တာဝန်ယူရမယ်’’ဟု ကတိပေးပြောကြားခဲ့သည်။
စက်တင်ဘာ ၂၆ ရက် မွန်း လွဲပိုင်းတွင် စစ်ကိုင်းတိုင်းဒေသ ကြီးဟုမ္မလင်းမြို့နယ်ရှိ ထမံသီ ကျေးရွာ၌ ပြုလုပ်သော ရွေး ကောက်ပွဲဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် အထက်ပါအ တိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
မဲစာရင်းမှန်ကန်မှု ၃၀ ရာ ခိုင်နှုန်းသာ တာဝန်ယူသည်ဟု ရွေးကောက်ပွဲကော်မရှင်ဘက်က  ပြောဆိုလိုက်ခြင်းသည် လူအများ စု၏ဆန္ဒကို လျစ်လျူရှုကာ လူ နည်းစု၏ဆန္ဒများကိုသာ အလေး ထားမည်ဟု အဓိပ္ပာယ်သက် ရောက်သဖြင့် ဒီမိုကရေစီအနှစ် သာရနှင့် မကိုက်ညီကြောင်း ၎င်း က ပြောသည်။
ပြည်သူများ မဲပေးခွင့်ရရှိရန် အရေးကြီးသောကြောင့် မဲစာရင်း တွင် အမည်စာရင်းပါရှိရန် မိမိတို့ ကိုယ်တိုင်    ကြိုးစားကြစေလို ကြောင်းနှင့်   အင်န်အယ်လ်ဒီက လည်း တတ်စွမ်းသမျှ ကူညီပေး မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဆိုသည်။
ထို့ပြင် မိမိယခင်က မရောက်ခဲ့သည့်တိုင်းရင်းသားဒေသများ သို့ လှည့်လည်သွားရောက်နေခြင်း သည် တိုင်းပြည်အတွက် အလှည့် အပြောင်းဖြစ်စေမည့်အရေးကြီး သော ရွေးကောက်ပွဲကာလကို ရောက်ရှိနေပြီဖြစ်၍ လိုက်လံ ပြောပြနေရခြင်းဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြော သည်။
ရွေးကောက်ပွဲတွင် မဲပေးနိုင် ရန် ထုတ်ပေးမည့် သက်သေခံ လက်မှတ်များသည် မည်သည့်ပုံစံ ဖြင့် ထုတ်ပေးမည်ကို မသိရှိရသ ဖြင့် မဲပွားမှုများဖြစ်လာမည်ကို စိုးရိမ်ရကြောင်း ၎င်းက ပြော သည်။  
ပါတီဥက္ကဋ္ဌ ဟောပြောခဲ့ သည့် ထမံသီကျေးရွာတွင် နာဂ တိုင်းရင်းသားများနှင့် တိုင်းလိုင် (ရှမ်းနီ)လူမျိုးအများစုနေထိုင်ကြ ပြီး ယင်းဟောပြောပွဲသို့ ဒေသခံ ငါးထောင်ခန့် တက်ရောက်နား ထောင်ခဲ့ကြသည်။
စက်တင်ဘာ ၂၅ ရက်တွင် စတင်ခဲ့သည့် ဒေါ်အောင်ဆန်းစု ကြည်၏ စစ်ကိုင်းတိုင်းဒေသကြီး အနောက်မြောက်ဘက်ရှိ နာဂ တိုင်းရင်းသားများနှင့် တိုင်းလိုင် (ရှမ်းနီ)တိုင်းရင်းသားအများစုနေ ထိုင်သည့် ဒေသများသို့ ခရီးစဉ် ဒုတိယမြောက်နေ့၌   ခန္တီးမြို့မှ ဟုမ္မလင်းမြို့သို့ ရေကြောင်းခရီး စဉ်ဖြင့် အသွားတွင် လမ်းခုလတ် ရှိ ထမံသီကျေးရွာသို့ ဝင်ရောက် ကာ တစ်နာရီခန့် ဟောပြောခဲ့ခြင်း ဖြစ်သည်။
ခရီးစဉ်နောက်ဆုံးရက်ဖြစ် သော စက်တင်ဘာ  ၂၇ ရက်၌ ဟုမ္မလင်းမြို့ဒေသခံများသို့ ရွေး ကောက်ပွဲဆိုင်ရာအသိပညာပေး မှုကို နံနက်ပိုင်းတွင် ပြုလုပ်မည် ဖြစ်ကာ မွန်းလွဲပိုင်းတွင် အထူး လေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ် သည်။

http://www.7daydaily.com/story/47318

Post a Comment

 
Top