0


မီဒီယာများသည် ဒီမိုကရေစီ စနစ်အတွက် မရှိမဖြစ် အရေးပါပြီး မီဒီယာများ မပါဘဲ ဒီမိုကရေစီ ရွေးကောက်ပွဲများ မဖြစ်နိုင်ပေ။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဟူသည် လွတ်လပ်စွာ မဲပေးခွင့်နှင့် မည်ကဲ့သို့ မဲပေးရမည်ဟူသည့် အသိဖြန့်ဝေမှု သက်သက်သာ မဟုတ်ပေ။

မဲဆန္ဒရှင်များ အနေဖြင့် အများပြည်သူ ရှေ့မှောက် အချေအတင် ငြင်းခုံမှုကို ထိတွေ့နိုင်ရေးနှင့် ပါတီများ၊ မူဝါဒများ၊ ကိုယ်စားလှယ်လောင်းများအပြင် ရွေးကောက်ပွဲ လုပ်ငန်းစဉ် ကိုယ်နှိုက်တို့နှင့် ပတ်သက်၍ လုံလောက်သော သတင်းအချက်အလက်များ ရရှိရေးလည်း ပါဝင်သည်။

ရွေးချယ်နိုင်ရန်အတွက် သတင်းအချက်အလက်များကို အသိပေးရမည် ဖြစ်သည်။ ယင်းတို့အတွက် မီဒီယာများက အရေးပါသည်။ ၎င်းအပြင် မီဒီယာများသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရေးအတွက် ဒီမိုကရေစီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စောင့်ကြည့်ရသည့်အဖွဲ့ (Watchdog) အနေဖြင့်လည်း ထမ်းဆောင်ရန် အရေးကြီးသည်။

ထို့ကြောင့် မီဒီယာ လွတ်လပ်ခွင့် မရှိခြင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို တင်းကျပ်ထားခြင်းတို့ ပြုလုပ်ပါက ဒီမိုကရေစီ နည်းကျသော ရွေးကောက်ပွဲများ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။

နှစ်စဉ် ကျင်းပသည့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့၏ ၂၀၀၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ ညီလာခံတွင် ကြေညာချက် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် “ကောင်းသော အုပ်ချုပ်ရေး၏ အခြေခံ အချက်များဖြစ်သော ပွင့်လင်းမြင်သာမှု ရှိခြင်း၊ တာဝန်ခံမှု ရှိခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ရှိရန် သေချာစေရေးနှင့် လူ့အခွင့်အရေးကို အခြေခံသည့် ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်ရေးတို့အတွက် လွတ်လပ်၍ ဘက်ပေါင်းစုံ အမြင်ရှိသော မီဒီယာများ မရှိမဖြစ် လိုအပ်သည်” ဟု အထူးပြု ဖော်ပြခဲ့သည်။

၎င်းအပြင် ယင်းကြေညာချက်က ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ခံမှုရှိရေးတို့ကို မြှင့်တင်ရန်နှင့် ကောင်းသော အုပ်ချုပ်ရေး၏ သဘောထား စည်းမျဉ်းများနှင့် လူ့အဖွဲ့အစည်းကို ဆက်သွယ်ပေးရန် မရှိမဖြစ် လိုအပ်သော သတင်းမီဒီယာများ၏ လုပ်ငန်းဆောင်တာများကို ကောင်းသော အုပ်ချုပ်ရေး၏ မရှိမဖြစ် အချက်အဖြစ် လေးစားရန် အဖွဲ့ဝင် နိုင်ငံများအား တောင်းဆိုခဲ့သည်။

မီဒီယာဟု ဆိုလိုက်လျှင် အစဉ်အလာအရ ပုံနှိပ်မီဒီယာများဟု နားလည်ကြသော်လည်း ရေဒီယိုနှင့် ရုပ်သံထုတ်လွှင့်သော မီဒီယာများလည်း ပါဝင်သည်။ မကြာသေးမီ နှစ်များအတွင်း မီဒီယာဟူသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်သည် ပို၍ကျယ်ပြန့်လာရာ အွန်လိုင်း ဂျာနယ်လစ်ဇင်နှင့် လူမှုမီဒီယာများ အပါအ၀င် မီဒီယာအသစ်များလည်း အကျုံးဝင်လာသည်။

အထူးသဖြင့် မီဒီယာများကို စည်းကမ်း တင်းကျပ်စွာ ချထားသော သို့မဟုတ် အပြင်းအထန် ထိန်းချုပ်ထားသော နိုင်ငံများတွင် လူမှုမီဒီယာများနှင့် စီတီဇင် ဂျာနယ်လစ်များ၏ အခန်းကဏ္ဍသည်လည်း အရေးပါလာသည်။

မီဒီယာက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အပြည့်အစုံ လွှမ်းခြုံဖော်ပြနိုင်ရေး အဓိကကိစ္စသည် မဲဆန္ဒရှင်များ ပြည့်စုံတိကျသော အချက်အလက်များ ရရှိခွင့်နှင့် မူဝါဒရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံရေးသမားများနှင့် ငြင်းခုံရေးနှင့် အပြန်အလှန် ဆွေးနွေးရေး၌ မဲဆန္ဒရှင်များ ပါဝင်နိုင်ခွင့် ဖြစ်သည်။

ယင်းကိစ္စတို့ ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူလူထုနှင့် အပြန်အလှန် ဆက်သွယ်ရန် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများသည် မီဒီယာများကို ပလက်ဖောင်းအဖြစ် အသုံးပြုရသည်။ ၎င်းအပြင် ရွေးကောက်ပွဲကို စီမံသည့် အဖွဲ့များ အနေဖြင့်လည်း မဲဆန္ဒရှင် ပြည်သူများအပြင် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ အပါအ၀င် အခြားအဖွဲ့များနှင့် သတင်းအချက်အလက်အရ ဆက်သွယ်ရန် မီဒီယာများ လိုအပ်သည်။

မီဒီယာများ ကိုယ်တိုင်အနေဖြင့် သတင်းများကို လွတ်လပ်စွာ ဖော်ပြခွင့်နှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ရပ်လုံးကို စေ့စေ့စပ်စပ် စောင့်ကြည့်စစ်ဆေးပိုင်ခွင့်တို့ ရှိသည်။

ယင်းကဲ့သို့ စေ့စေ့စပ်စပ် စောင့်ကြည့်စစ်ဆေးခြင်း သည်ပင်လျှင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကို စီမံရာတွင် လည်းကောင်း၊ ဆောင်ရွက်ရာတွင် လည်းကောင်း  စွက်ဖက်နှောင့်ယှက်မှုများနှင့် ခြစားမှုများကို ကာကွယ်ရန် အဓိက အရေးပါသည်။

ထို့ကြောင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများအတွက် လွတ်လပ်၍ အမှီအခိုကင်းသော မီဒီယာများ မရှိမဖြစ် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
စက်တင်ဘာ ၂၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်
http://news-eleven.com/

Post a Comment

 
Top