0


လက်ရှိထုတ်ပြန်လိုက်သော ရွှေဘိုနယ် မဲဆန္ဒရှင် စာရင်းတွင် ယခင် ထုတ်ပြန်စဉ်က မှန်ကန်ခဲ့သူများပင် မှားယွင်းမှုများ ရှိနေသည်ကို တွေ့ရပြီး မဲစာရင်း ပြင်ဆင်ရာတွင် သတ်မှတ် ပုံစံများနှင့် ပြင်ဆင်ပေးခြင်းမရှိ ကြောင်း ရွှေဘိုခရိုင်တွင်း နယ်အသီးသီးမှ ဒေသခံများက ဆက်သွယ်ပြောကြားသည်။
“မဲစာရင်းမှာ ပထမအကြိမ်တုန်းက နာမည်မှန်တယ်။ မှတ်ပုံတင်မှန်တယ်။ မွေးသက္ကရာဇ် လွဲတာ။ အခုကျတော့ နာမည်က အမှား၊ မှတ်ပုံတင်ကို လျှောက်ထားဆဲလို့ ရေးထားတယ်။ မွေးသက္ကရာဇ် တော့ ပြန်မှန်သွားတယ်။  ပြန်ပြင်ဖို့ကျတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူးက သူ့နုတ် စာအုပ်ထဲမှာ မှတ်သွားတယ်။ပုံစံနဲ့ မပြင်ခဲ့ရဘူး”ဟု ရွှေဘိုအမှတ် ၅ ရပ်ကွက် တွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။
အဆိုပါ မှားယွင်းမှုများသည် ဆော့ဖ်ဝဲ ပြဿနာကြောင့် ဖြစ်ရကြောင်းနှင့် အောက်ခြေအဆင့် မဲစာရင်းပြုစုရာတွင် အခက်အခဲ များစွာရှိနေကြောင်း ရွှေဘိုခရိုင် ရွေးကောက်ပွဲ ကော်မရှင်အရာရှိက ဆိုသည်။
“ပထမအကြိမ်သုံးတဲ့ ဆော့ဖ်ဝဲက အချက်အလက်တွေကို ပြန်ပြီး ကူးပြောင်း လိုက်တဲ့အခါမှာ ဟိုဘက်ရွာက လူတွေက ဒီဘက်ရွာ မဲစာရင်းမှာ ပါလာတယ်။ အဲဒီတော့ မဲစာရင်းမှာ လူတွေ ပျောက်နေသလို ဖြစ်ကုန်တယ်။ ဆော့ဖ်ဝဲသုံးရတာက အခက်အခဲ ရှိနေတယ်”ဟု ကော်မရှင် အရာရှိ ဦးအောင်မင်းဦးက ပြောကြားသည်။
အမှားအယွင်း များလွန်းနေသော မဲစာရင်းများကို ပြင်ဆင်ရာ၌ သတ်မှတ်ပုံစံဖြင့် ပြင်ဆင်ပေးခြင်း မရှိမှုက စိတ်မချ ရကြောင်းနှင့် အဆိုပါ ပြဿနာသည် ရပ်ကျေးအဆင့် တာဝန်ရှိသူများ၏ နားလည်မှု လွဲချော်ခြင်းကြောင့် ဖြစ်ကြောင်း ကော်မရှင် အရာရှိက သုံးသပ်သည်။
“ပုံစံအတိုင်း ပြင်နေရင် အချိန်ကြာလို့ပါ။ ကျွန်တော်တို့က လာပြင်တဲ့ သူတွေကို အမှန်အတိုင်း ပြန်ပြင်ပေးဖို့ အာမခံပါတယ် ”ဟု ရပ်ကျေးကော်မရှင် တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ယခု ပြောင်းလဲလိုက်သော အက္ခရာစဉ် စနစ်ဖြင့် ထုတ်ပြန်မှုက မဲစာရင်း ကြည့်ရှုသူများ အဖို့ များစွာ အခက်တွေ့စေခဲ့ပြီး အက္ခရာစဉ်ရာတွင်လည်း လွဲချော်မှုများ ရှိနေကြောင်း သိရသည်။
“စာမဖတ်တတ်တဲ့သူတွေက ရွာတွေမှာ အများကြီးပဲ။ စာတတ်တဲ့ သူတွေတောင် အက္ခရာစဉ်ဆိုတာ ဘာမှန်းသိတဲ့သူ ရှားတယ်။ အဲဒီတော့ မဲစာရင်း လာကြည့်ရတာ အချိန်ကုန်တယ်။ ပြီးတော့ စဉ်ထားတာလည်း လွဲနေတာတွေ တွေ့ရတယ်”ဟု ရွာတော်ကျေး ရွာဒေသခံ ဦးမောင်က ပြောကြားသည်။
“ကျွန်တော်တို့မြို့မှာက မဲစာရင်းနဲ့ လက်ရှိလူဦးရေ စာရင်းမှာ နှစ်သောင်းခွဲလောက် ကွာဟနေတယ်။ ဒါကို ပြည်ထောင်စု ကော်မရှင် တာဝန်ရှိသူကို တင်ပြခဲ့တယ်။ ဒါပေမဲ့ သူတို့ရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်တာ လို့ အကြောင်းပြန်တယ်။ မဲစာရင်းတွေက အခု ထုတ်ပြန်ချက်မှာလည်း ကွာဟနေတုန်းပဲ။ နာမည် မပါတဲ့သူတွေ၊ ပြင်ဆင်ချက်တွေပါ ထပ်တိုးလိုက်တာကြောင့် ကွာဟမှုက အရင်ထက်တောင် ပိုပြီးတော့ များသွားပါသေးတယ်”ဟု ၀က်လက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူ ဦးဇော်ဝင်းက ဆိုသည်။
ထုတ်ပြန်ထားသော အချက်အလက် များအရ ရွှေဘိုခရိုင်တွင် မဲပေးပိုင်ခွင့် ရှိသူ တစ်သန်းကျော်ရှိပြီး မဲဆန္ဒနယ်၂၆ နေရာအတွက် ကိုယ်စားလှယ် ၁၀၈ ဦး ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။                           
Writer: 
ရဲရင့်အောင်

http://news-eleven.com/

Post a Comment

 
Top