0

ထားဝယ်၊ စက်တင်ဘာ ၂၇
ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများကို ပြည်သူများအနေနှင့် ပုဒ်မ ၅၉ (စ) ပြင်မပြင် အပါအဝင် မေးခွန်းခြောက်ခု မေးပြီးမှ မဲပေးကြရန် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ ဥပဒေပညာရှင် ဦးအေးပိုင်က ပြောကြားသည်။
ပုဒ်မ ၅၉ (စ) ပြင်မပြင် မေးခွန်းအပြင် ကိုယ်စားလှယ်လောင်း၏ ကိုးကွယ်ယုံကြည်မှု၊ မျိုးစောင့်ဥပဒေအပေါ် ထောက်ခံမှုရှိမရှိ၊ ဘင်္ဂါလီများကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်ရန် ဆန္ဒရှိမရှိနှင့် အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရန် ကတိပေး မပေး စသည့် မေးခွန်းခြောက်ခုကို ကိုယ်စားလှယ်လောင်းအား မေးပြီးမှ မဲပေးရန် ဦးအေးပိုင်က ပြောကြားသည်။
ထားဝယ်မြို့တွင် စက်တင်ဘာလ ၂၇ ရက်နေ့က ပြုလုပ်သည့် တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားမိန့်ခွန်းတွင် ပြောခဲ့ခြင်း ဖြစ်သည်။
“လွှတ်တော်အမတ်ကြီး မင်း ၅၉ (စ) ကို မပြင်ဖို့ သဘောတူပါသလား။ ပြင်မယ်ဆိုရင် မဲမပေးပါနဲ့” ဟု ဦးအေးပိုင်က မိန့်ခွန်းတွင် မေးခွန်း ၆ ခုအနက် နံပါတ် ၅ မေးခွန်းကို ပြောကြားခဲ့သည်။
၎င်းအပြင် လွှတ်တော်ကိုယ်စားလှယ်က ဗုဒ္ဓဘာသာ မဟုတ်ပါက မဲမပေးရန်၊ မျိုးစောင့်ဥပဒေကို မထောက်ခံပါက မဲမပေးရန်၊ အမျိုးစောင့် ဥပဒေကို မစောင့်ရှောက်ပါက မဲမပေးရန်၊ ဘင်္ဂါလီကို နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားသည့် ၁၉၈၂ ဥပဒေကို ပြင်ဆင်မည် ဆိုပါက မဲမပေးရန်နှင့် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည်ဟု ကတိမပေးနိုင်ပါက မဲမပေးရန် ၎င်းက ပြောကြားသည်။
“လူတွေကို အသိဉာဏ်ပေးတဲ့ အခါမှာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားဖို့ပါပဲ။ ဘုန်းဘုန်းတို့ကလည်း စဉ်းစားကြဖို့ပဲ ပြောတာပါ။ အမိန့်ပေးတာ မဟုတ်ပါဘူး၊ ကိုယ့်အသိဉာဏ်နဲ့ပဲ လုပ်ကြပါ” ဟု မ.ဘ.သ ဗဟိုဦးဆောင်ဆရာတော်တစ်ပါး ဖြစ်သည့် နန်းဦးဆရာတော်က မိန့်ကြားသည်။
တနင်္သာရီတိုင်းလုံးဆိုင်ရာ အမျိုးစောင့်ဥပဒေ အောင်မြင်မှု အထိမ်းအမှတ် ဂုဏ်ပြုကြိုဆိုသည့် အနေနှင့် စက်တင်ဘာလ ၂၇ ရက်နေ့ နေ့လယ် ၁ နာရီအချိန်တွင် တနင်္သာရီတစ်တိုင်းလုံးမှ သံဃာနှင့် လူထုအင်အား ၇ သောင်းခွဲခန့် (မ.ဘ.သ ၏ ခန့်မှန်းချက် လူဦးရေ) ဖြင့် ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန် ဘုရားကြီးမှ စတင်ထွက်ခွာကာ မြို့အတွင်း လှည့်လည်၍ ရွှေဝယ်သီရိ အားကစားကွင်းသို့ ချီတက်ကာ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
မည်သူမဆို လူမျိုးရေးကိုဖြစ်စေ၊ ဘာသာရေးကိုဖြစ်စေ အကြောင်းပြ၍ ဆန္ဒမဲပေးရန်သော် လည်းကောင်း၊ ဆန္ဒမဲမပေးရန်သော် လည်းကောင်း ပြောဆိုခြင်း၊ ဟောပြောခြင်း၊ ကြေညာချက် ထုတ်ပြန်ခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်း စသည်တို့ကို ကျူးလွန်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မည်ဟု လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ၏ အခန်း (၁၃) တွင် ဖော်ပြထားသည်။
(Dawei Watch)
The Voice Weekly

Post a Comment

 
Top