0

စကတည်းကိုက မဟုတ်တာ လုပ်တော့မယ်ဆိုတဲ့ သဘောမျိုးလို ဖြစ်သွားပြီ။ အဲဒါက ပြဿနာ ကြီးထွား နိုင်တယ်ဗျ။ နဂိုကကို ပြည်သူတွေက စိုးရိမ်နေ တာ။ ရွေးကောက်ပွဲကျရင် အငြင်းပွားမှုနဲ့ ပြဿနာဖြစ်မှာကို စိုးရိမ်နေရတဲ့ ကြားမှာ အဲဒီစကားပြောလိုက်တော့ ပိုပြီးတော့ စိုးရိမ်သောကတွေ ရောက် လာတယ်။ ညစ်ခံရတဲ့ သူကလည်း ဒေါသတွေ ထွက်လာမယ်။ အဲဒီမှာ တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခတွေ ကြီးထွားလာမှာ …
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၁၄ ရက်တွင် ဒုတိယအကြိမ် ထုတ်ပြန်သည့် မဲဆန္ဒရှင် စာရင်းမှန်ကန်မှုကို ၃၀ ရာခိုင်နှုန်းသာ အာမခံနိုင်ကြောင်း၊ အကြောင်းမှာ ပထမအကြိမ် မဲစာရင်း ထုတ်ပြန်စဉ် က ပြည်သူ ၃၀ ရာခိုင်နှုန်းခန့်သာ လာရောက် ကြည့်ရှု ကြသည့်အတွက်ကြောင့် ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်က လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ အာရှကွန်ရက်(ANFREL) က ပြုလုပ်သည့် Myanmar Editor’s Forum အခမ်းအနား၌ ရွေးကော်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်ရာ ယင်းပြောကြားမှုနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကော်မရှင်အား ဝေဖန်မှုများစွာ ထွက်ပေါ်လာခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည့် မဲဆန္ဒရှင် စာရင်းများမှာ ပထမအကြိမ် ထုတ်ပြန်စဉ်ကပင် အမည်၊ အဘအမည်၊ နေရပ်မှားယွင်းမှု များမှာ အများဆုံးပါဝင်ခဲ့ပြီး အချို့မှာ မိသားစုလိုက် နာမည်စာရင်း မပါဝင်မှုများ ပါ ဖြစ်ပေါ်ခဲ့ရာ ယင်းကိစ္စနှင့် ပတ်သက်၍ မဲဆန္ဒရှင် ပြည်သူများ အကြား ရွေးကောက်ပွဲ ကော်မရှင် အပေါ် ဝေဖန် ပြောဆိုမှုများရှိခဲ့ရာ ယခုထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းမှာ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ် မည့် ရွေးကောက်ပွဲ အတွက် နောက်ဆုံးအကြိမ် ထုတ်ပြန်သည့် မဲဆန္ဒရှင် စာရင်းများဖြစ်ရာ ရွေးကော်ဥက္ကဋ္ဌ ဦးတင်အေး၏ ၃၀ ရာခိုင်နှုန်းသာ မှန်ကန်နိုင်ကြောင်း ပြောကြားချက်မှာ မဲပေးနိုင်မည့် မဲဆန္ဒရှင်များ၏ စိုးရိမ်မှုကို မြင့်တက် စေကြောင်း ဝေဖန်မှုများရှိလာရာ ယင်းဝေဖန်မှုများကို စုစည်း၍ မြန်မာသံတော်ဆင့် က ဖော်ပြလိုက်ပါသည်။ ရှိန်းဝေနောင်
● ဦးအေးသာအောင် (ဗဟိုအလုပ်အမှုဆောင်၊ ရခိုင်အမျိုးသားပါတီ)
ရွေးကောက်ပွဲ ကော်မရှင်က မူလက ထုတ်ပြန်မဲစာရင်းမှာ ၃၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းထိ မှားတယ်လို့ သတင်းတွေမှာ ကျွန်တော်ဖတ်ရပါတယ်။ အဲဒီတော့ ဒီလိုမှားတဲ့ကိစ္စသည် သာမန် သွေးရိုးသားရိုး မှားတာလား စာရင်းဇယား မကျွမ်းကျင်လို့ မှားတာလား။ ဒါကတော့ ပြောဖို့ခက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာရင်းဇယားအမှား ဟာ ကော်မရှင်က လုံးဝတာဝန်ရှိတယ်လို့ ပြောချင်တယ်။ အခုလည်းပဲ ပြန်ပြီးတော့ ပြုပြင်ပြီးတော့ ထုတ်ပြန်တဲ့ ရွေးကောက်ပွဲ မဲစာရင်းမှာ အမှားဘယ်လောက်ပဲ ပါမယ်မပါဘူးဆိုတာ ကျွန်တော်မသိဘူး။ ပါလာတဲ့အမှား သည် ရွေးကောက်ပွဲ ကော်မရှင်ကပဲ တာဝန်ရှိတယ်။ ပြည်သူတွေက ဘယ်လိုလုပ်လို့ သိနိုင်မှာလဲ။ ဒါကြောင့် ပြည်သူတွေကို ပုံချလို့တော့ မဖြစ်ဘူး။ အမှားသည် ရွေးကောက်ပွဲ ကော်မရှင်နဲ့ပဲ ဆိုင်တယ်လို့ပဲ ပြောချင်တယ်။
● ဒေါက်တာသောင်းထွန်း (အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတမှုအဖွဲ့)
ရွေးကောက်ပွဲ မဲစာရင်းမှန်ရန်ရေး၊ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့ နိုင်ငံသားတိုင်း မဲပေးဖို့ အခွင့်အရေး မဆုံးရှုံး အောင်၊ နောက် ရွေးကောက်ပွဲရဲ့ မဲစာရင်းမှန်ကန်ရေး ကိစ္စဟာ ရွေးကောက်ပွဲကော်မရှင် အလုပ်ဖြစ် တယ်။ အဲဒါနိုင်ငံရေး ပါတီတွေထက် ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အလုပ်က ဒီလုပ်ငန်းတွေကို လုပ်ဖို့အတွက် တာဝန်ပေးထားတာ ရှိပြီးတော့ ဒီလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့ အတွက်လည်း ဘတ်ဂျက်ကို အပြည့်အ၀ ချထားပေးတာဖြစ် တယ်။ နောက် ရွေးကောက်ပွဲ ကော်မရှင်နဲ့ လက်ရှိ အုပ်ချုပ်ရေးယန္တရား၊ အုပ်ချုပ်ရေးမှူး အဆင့်ဆင့် အပါအ၀င် လ၀က အပါအ၀င် ဒါတွေက ရွေးကောက်ပွဲ မဲစာရင်း မှန်ကန်ရေးအတွက် တာဝန်ရှိတယ်။ ဒီနေ့ပဲ (စက်တင်ဘာ ၁၄) မဲစာရင်းတွေ ထုတ်ပြန် ကြေညာတဲ့အခါမှာ သတင်းတွေ ပြန်ကြားရတယ်။ အမှားအယွင်းတွေက တော်တော် များများ ဆက်ရှိနေတဲ့ အပိုင်းရှိတယ်လေ။ ဒါကိုအချိန်မီ ပြန်လည် ပြင်ဆင်ပေးဖို့ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တယ်လို့တော့ မြင်ပါတယ်။
● ဦးထွန်းထွန်းဟိန် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်-NLD)
မဲစာရင်းနဲ့ ပတ်သက်ရင် ဘယ်လိုဖြစ်လဲဆိုတော့ အရင်တစ်ခေါက်တည်းကတင် မဲစာရင်းက တော်တော် မှား နေတယ်။ မဲစာရင်း တော်တော်မှားတော့ အန်ကယ်တို့လည်း စည်းရုံးပြီးတော့ ပြည်သူလူထုက မဲစာရင်း ကပ်ထားတဲ့ဆီ မလာရင် မဲစာရင်းက ပြည်သူလူထုဆီ သွားရမယ်ဆိုပြီးတော့ ကြိုးစားပါတယ်။ ကြိုးစားပေမယ့် အန်ကယ်တို့ ပြည့်စုံအောင်တော့ မဖြစ်နိုင်ဘူး။ အဲဒီနေရာမှာ အန်ကယ်တို့က စဉ်းစားရမှာက ၃၀ ရာခိုင်နှုန်းပဲ သိလိုက်လို့ ၃၀ ရာခိုင်နှုန်းပဲ လာပြင်တဲ့အတွက် ၃၀ ရာခိုင်နှုန်းပဲ မှန်နိုင်တယ်လို့ ဒီလိုပြောတာကတော့ ပြည်သူ့ အပေါ်မှာ သတ္တုချရာ ကျနေတာပေါ့။ အဲဒီအချက်ကိုတော့ အန်ကယ်သဘောမတူဘူး။ ဘာဖြစ်လို့လဲဆို တော့ အန်ကယ်တို့ဆီမှာ ၁၉၆၀၊ ၆၂ လောက်ကတည်းက ရွေးကောက်ပွဲ ကျင်းပပေးတဲ့ အခါတိုင်းမှာ ရွေးကောက်ပွဲ ရလာဒ်တွေကို အာဏာပိုင်တွေက သူတို့ ကြိုက်နှစ်သက်သလို အသုံးပြုခဲ့တာရှိတယ်။ ပြည်သူ လူထုရဲ့မဲပေးတဲ့အပေါ်မှာ လိုက်နာခြင်းမရှိဘဲ သူတို့လုပ်ချင်သလို လုပ်ပစ်လိုက်တာတွေ ရှိတယ်။ အဲဒီတော့ ပြည်သူလူထုက မဲပေးလည်း သူတို့လုပ်ချင်ရာ လုပ်မှာပဲဆိုတဲ့ ခံစားချက်ရှိနေတယ်။ တကယ့်တကယ်ကတော့ မဲစာရင်း ပြုစုတဲ့သူတွေဟာ သူတို့က မှန်ကန်တယ် ဆိုတဲ့ဟာကို တာဝန်ယူဖို့ လိုတာပေါ့။
● ဒေါက်တာခင်မောင်ညို (စာရေးဆရာ)
နိုင်ငံတကာအဆင့်နဲ့ ကြည့်ရင်တော့ Statistics (စာရင်းအင်း)က အင်မတန် အားနည်းတာပေါ့ဗျာ။ အားနည်း တော့ ပြုပြင်တဲ့ နည်းလမ်းတွေလည်း အများကြီးလုပ်ဖို့တော့ လိုတာပေါ့။ ဒါပေမဲ့ မဲစာရင်းကတော့ ဒီလောက် ကြီးလည်း မခက်ဘူးလေ။ ဥပမာ ပိုသွားတာ အနည်းငယ် ရှိရင်လည်းရှိမယ်။ လိုသွားတာ အနည်းငယ် ရှိရင်လည်း ရှိမယ်။ ဒါပေမဲ့ ၁ ရာခိုင်နှုန်းထက်တော့ မကွာရဘူးလို့ ကျွန်တော် ယူဆတယ်။ သူတို့ ထုတ်ပြန်တဲ့ ဟာက။ နဂိုတည်းက အောက်က တင်ပေးလိုက်တာက အပေါ်ရောက်မှ လွဲသွားတယ်ဆိုတာ လူတွေပြော ကြတာ အများကြီးရှိတယ်လေ။ အဲဒီမဲစာရင်း ကိုယ်တိုင်ကို လုပ်တဲ့လူတွေ ကိုယ်တိုင်ကိုက ရပ်ကွက်ကနေ၊ မြို့နယ်ကနေ တင်လိုက်တာ ပြန်ကျလာတော့ တလွဲတွေဖြစ်နေတယ်။ အဓိက စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ဖြစ်ရတဲ့ဟာပေါ့။
● ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)
ကော်မရှင်က ၃၀ ရာခိုင်နှုန်းပဲ မှန်မယ်လို့ သူကပြောတယ်ဆိုရင် စကတည်းကိုက မဟုတ်တာ လုပ်တော့မယ် ဆိုတဲ့ သဘောမျိုးလို ဖြစ်သွားပြီ။ အဲဒါကပြဿနာ ကြီးထွားနိုင်တယ်ဗျ။ နဂိုကကို ပြည်သူတွေက စိုးရိမ်နေတာ။ ရွေးကောက်ပွဲကျရင် အငြင်းပွားမှုနဲ့ ပြဿနာဖြစ်မှာကို စိုးရိမ်နေရတဲ့ကြားမှာ အဲဒီစကား ပြောလိုက်တော့ ပိုပြီးတော့ စိုးရိမ်သောကတွေ ရောက်လာတယ်။ ညစ်ခံရတဲ့သူကလည်း ဒေါသတွေ ထွက်လာမယ်။ အဲဒီမှာ တစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခတွေ ကြီးထွားလာမှာကို စိုးရိမ်တယ်။ သူဒီစကားကို မပြောသင့်ဘူးဗျ။ တကယ်လို့ မကျွမ်းကျင်ရင် ကျွမ်းကျင်တဲ့ ပြည်ပ ပညာရှင်တွေ ခေါ်ပြီးတော့ တိုင်ပင်ညှိနှိုင်းပြီး ပြဿနာမပေါ်အောင် လုပ်ရမှာ။ အခုလိုပြောလိုက်တော့ စိုးရိမ်စရာတွေကို သူကဓာတ်ဆီလောင်းပေး လိုက်တာပေါ့။
● ဦးခွန်ထွန်းဦး (ဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်)
၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူတယ်ဆို ၅ နှစ်လုံးလုံး ဘာလုပ်နေလဲ။ တော်သေးတာပေါ့ဗျာ သာယာဝတီ ပါမသွားတာ။ သုံးဆယ်နဲ့ သာယာဝတီက နီးတာကိုး။ သူတို့ ဒီလောက် လူအင်အားနဲ့ လုပ်နေတာပဲ။ နိုင်ငံတကာကလည်း ကူညီနေတာပဲ။ ၇၀ ရာခိုင်နှုန်းမှားမှာလို့ မပြောရုံတမည်ပဲလေ။ ၃၀ ရာခိုင်နှုန်းပဲ တာဝန်ယူတယ် ဆိုတော့။ စကားက အထားအသို ကြည့်လိုက်လေ။ ပြောတဲ့စကားကို ကြည့်လိုက်ဦး။ ၇၀ ရာခိုင်နှုန်းမှားမယ်လို့ ပြောလိုက်သလိုပဲ။
မြန်မာသံတော်ဆင့်သတင်းဌာန

Post a Comment

 
Top