0

ကမာရွတ်မြို့နယ် နာနတ်တော ခုံးတံတားတွင် စက်တင်ဘာလ ၁၆ ရက် နံနက် ၂ နာရီခန့်က အနက်ရောင် အငှားယာဉ်တစ်စီးပေါ် လိုက်ပါလာသော အသက် ၂၅ နှစ်အရွယ် ခရီးသည် လူငယ်ကို ယာဉ်ပေါ်မှ တွန်းချကာ ကျပ် ၇ သိန်းကျော်ဖိုးရှိသော ငွေနှင့် လက်ကိုင်ဖုန်းတို့ကို လုယက်ခဲ့ကြောင်း ရန်ကုန် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“လုယက်မှုဖြစ်တုန်းက အနားမှာ စည်ပင်ဝန်ထမ်းတစ်ယောက် ရှိလို့ ယာဉ်နံပါတ်ကို မှတ်မိလိုက်တယ်၊ ယာဉ်ပိုင်ရှင် မည်သူမည်ဝါဆိုတာ လတ်တလော စုံစမ်းနေဆဲပါ” ဟု ကမာရွတ်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
လုယက်ခံရသူမှာ လှိုင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဇေယျာသိဒ္ဓိ ၂ လမ်းတွင် နေထိုင်သူဖြစ်ပြီး ယင်းနေ့က မြေနီကုန်းသို့သွားရန် ဗဟိုလမ်းအတိုင်း မောင်းလာသည့် အနက်ရောင် အငှားယာဉ်ကို ကျပ်နှစ်ထောင်ဖြင့် ငှားရမ်းပြီး လိုက်ပါ စီးနင်းလာခဲ့စဉ် နာနတ်တော ခုံးတံတားအောက် အရောက် ယာဉ်ပေါ်ပါသူ အမျိုးသားက ၎င်းကို ယာဉ်ပေါ်မှ တွန်းချပြီး ပိုက်ဆံအိတ်နှင့် လက်ကိုင်ဖုန်းတို့ကို လုယက်ခဲ့ခြင်း ဖြစ်ကြောင်း လုယက်ခံရသူ၏ ထွက်ဆိုချက်များအရ ၎င်းက ဆက်လက် ပြောကြားသည်။
“ယာဉ်မောင်းဘေးမှာ ပါလာတဲ့ ပိန်ပိန်ပါးပါး လူလတ်ပိုင်းအရွယ် အမျိုးသားက ကားပေါ်က တွန်းချခဲ့တာ၊ ကားအောက် ပြုတ်ကျသွားတော့ ရိုက်သတ်ပစ်မယ် ခြိမ်းခြောက်ပြီး ပိုက်ဆံအိတ်နဲ့ ဖုန်းကို လုယူပြီး မောင်းပြေးသွားတာ၊ ဘေးနားမှာ စည်ပင်ဝန်ထမ်း အမျိုးသမီးက ဒါကိုမြင်လို့ လုယက်မှု ကျူးလွန်ခဲ့တဲ့ အနက်ရောင် အငှားကားရဲ့ နံပါတ်ကို မှတ်ထားလိုက်တယ်၊ ဒီကားကို ဖမ်းမိဖို့ အခု အပူတပြင်း စုံစမ်းနေပါတယ်” ဟု ကမာရွတ်မြို့နယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ လုယက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူများကို ကမာရွတ်မြို့မ ရဲစခန်းမှ (ပ) ၃၉၀/ ၁၅၊ ပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်နေကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသ ကြီးတွင် အငှားယာဉ်မောင်း ဟန်ဆောင်ကာ လုယက်မှု၊ မုဒိမ်းမှုများ မကြာခဏ ဖြစ်ပွားနေပြီး အငှားယာဉ် အချို့မှာလည်း ခရီးသည်ဟန် ဆောင်ကာ လုယက်ခံရမှုများ ဖြစ်ပွားလျက်ရှိသည်။
The Voice Weekly

Post a Comment

 
Top