0

လာမည့်ရွေးကောက်ပွဲတွင် ကော့သောင်းမြို့နယ် အတွင်း ဝင်ရောက် အရွေးခံမည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တ.စ.ည) ပါတီမှ ကိုယ်စားလှယ်လောင်းများပုံပါ မဲဆွယ် ပိုစတာကို စက်တင်ဘာလ ၂၀ ရက်က ဆုတ်ဖြဲခံခဲ့ရသည်။
ယင်းပါတီမှ မဲဆွယ်ပိုစတာများကို ကော့သောင်းမြို့တွင်း နေရာ အနှံ့အပြားတွင် စိုက်ထူခဲ့ရာ သီရိမြိုင်ရပ်ကွက် အဝင်လမ်း နံဘေးတွင် စိုက်ထူထားသည့် အလျား ၈ ပေ၊ အနံ ၄ ပေရှိ ပိုစတာ ညနေပိုင်းတွင် ဆုတ်ဖြဲခံရခြင်း ဖြစ်ကြောင်း သီရိမြိုင် ရပ်ကွက်နေသူအချို့က ပြောပြသည်။
သို့သော် ပိုစတာကို မည်သူ ဆုတ်ဖြဲလိုက်သည်ကိုမူ သတိမထားလိုက်မိဟု အထက်ပါ ရပ်ကွက်နေသူများက ပြောသည်။
“ဒါမျိုးက ရွေးကောက်ပွဲတွေမှာ ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ အခုလို ဆုတ်ဖြဲခံရတာ စိတ်မကောင်းပေမယ့် မတုန်လှုပ်ဘူး” ဟု တ.စ.ည ပါတီ ကော့သောင်းမြို့နယ် စည်းရုံးရေးမှူး ဦးကျော်ကျော်လွင်က ဆိုသည်။
တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီသည် စက်တင်ဘာလ ၂၀ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ်ပုံပါ မဲဆွယ်ပိုစတာများကို ကော့သောင်း မြို့ပေါ် ၁၀ ရပ်ကွက်တွင် တစ်ရပ်ကွက်လျှင် တစ်ခုနှုန်း စိုက်ထူခဲ့သည်ဟု ယင်းပါတီထံမှ သိရသည်။
ဆုတ်ဖြဲခံရသည့် ပိုစတာကို စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ပြန်လည် သိမ်းဆည်းလိုက်သည်ဟု ယင်းပါတီထံမှ သိရသည်။
“ဒီနားတစ်ဝိုက်မှာက ဆေးသုံးပြီး လက်ဆော့ ခြေဆော့လုပ်တတ်တဲ့ ခပ်မိုက်မိုက် လူငယ်တချို့တော့ ထိုင်တတ်တယ်” ဟု သီရိမြိုင်ရပ်ကွက်နေ ဦးဝင်းအောင်က ဆိုသည်။
ဆုတ်ဖြဲခံထားရသည့် ပိုစတာထောင်ထားသည့် နေရာသည် လူနေအိမ်များနှင့် အလှမ်းကွာပြီး မော်တော်ကားနှင့် ဆိုင်ကယ်များ ဖြတ်သွားဖြတ်လာ ရှိသည့်လမ်း ဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
(Dawei Watch)
The Voice Weekly

Post a Comment

 
Top