0


ဟင်္သတာခရိုင် အတွင်းရှိ ရပ်ကွက် တစ်ခုတွင် အခြေခံ မဲစာရင်း ကြည့်ရှုနေစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး၊ ဟင်္သာတ)
(၁) “ မနက်ဖြန် တစ်နိုင်ငံလုံးတွင် မဲစာရင်းများ ကြေညာပါမည်။ သင့်မဲပေးခွင့် မဆုံးရှုံးပါစေနှင့်။ မဲစာရင်း သွားကြည့်ပါ ” ဆိုသော မက်ဆေ့ခ်ျလေးတစ်ခု UEC နာမည်ဖြင့် စက်တင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ဖုန်းထဲသို့ ၀င်လာသည်။ UEC ဆိုသည်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အခုလို သတိပေးနှိုးဆော်ပေးဖော် ရသဖြင့် ကျေးဇူးတင်ပါသည် UEC။ နောက်တစ်ရက်ဖြစ်သည့် စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းမှာတွင် နောက်ထပ် မက်ဆေ့ခ်ျတစ်စောင် ထပ်မံဝင်လာပြန်ပါသည်။

“ မဲပေးခွင့် ရရန် သင့်အမည် မဲစာရင်းတွင် ပါရန်လိုသည်။ သင့်အမည် ပါ၊ မပါ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ယနေ့ သွားရောက် ကြည့်ရှုခြင်းဖြင့် အခွင့်အရေးကို အရယူပါ ” အခုလို ထပ်မံသတိပေး နှိုးဆော်ပေးဖော် ရသဖြင့် ကျေးဇူးတင်ပါသည် UEC။ သို့သော် ထိုကျေးဇူးတင်မှုသည် ကြာရှည် မခံလိုက်ပါ။

မဲစာရင်း သွားကြည့်သည့်အခါ မှာမူ UEC ကို ကျေးဇူး မတင်နိုင်တော့ပါ။ ဆရာတစ်aယာက် သုံးနေကျစကားကို ယူပြီးပြောရမည်ဆိုလျှင် အံ့သြလွန်းလို့ သေတော့မယ် ဟုပင် ဆိုလိုက်ချင်တော့သည်။ ပထမပဏာ
မဲစာရင်းများကို စတင် ကြေညာစဉ်က ဖောမတ် (Formats) တစ်ခု။ အခု နောက်ဆုံး စာရင်းအဖြစ် ကြေညာစဉ်မှာ ဖောမတ် (Formats) တစ်ခု။ UEC တွင် အချိန်နှင့် ငွေတွေ ပေါများ လွန်းလှပါတကား။ အံ့သြလွန်းလို့ သေချင် စော်နံလာသည်။

ပထမစာရင်း၊ ပထမဖောမတ်(ပုံစံ)တွင်ပင် မပြည့်စုံမှုတွေ၊ မှားယွင်းမှုတွေ စသည့် လိုအပ်ချက်တွေ ပါနေတာတောင် ဒုတိယ ဖောမတ်(ပုံစံ) ပြောင်းလဲခဲ့တာလောက် အံ့သြစရာ ကောင်းတာမရှိ။ UEC တွင် ဘယ်လောက်များ လူအင်အား၊ အချိန်အင်အားတွေ များနေလို့လဲ။ လူအင်အားနှင့် အချိန်အင်အား ပြည့်စုံလုံလောက်စွာ မရှိဘဲနှင့် ဒါလောက် ကြီးမားသည့် လုပ်ငန်း ပမာဏကြီးကို ပထမ ပုံစံကနေ ဒုတိယ နောက်တစ်မျိုး ပုံစံတစ်ခုကို ပြောင်းလဲဖို့ ဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခုမဟုတ်ပါ။ သို့သော် UEC က ဘယ်လို လုပ်အား၊ ဘယ်လို အချိန်တွေ၊ ဘယ်လို ရည်ရွယ်ချက်တွေနှင့် လုပ်ခဲ့သလဲ မသိပါ။ လုပ်ခဲ့လေပြီတည်း။

(၂) ဤလုပ်ပုံလုပ်နည်း လုပ်ရခြင်းအတွက် UEC တွင် မည်သို့သော အကြံအစည်တွေ၊ မျှော်လင့်ချက်တွေ ရှိနေသည်ကို တိတိကျကျ မသိရသော်လည်း စာရင်းမှန်ကန်ရေးအတွက် ရာခိုင်နှုန်း ၃၀ သာ အာမခံနိုင်သည်ဟု UEC ဥက္ကဋ္ဌကြီးက ကြိုတင် စကားဦးသန်းထားရာ မဲပေးခွင့် ဆုံးရှုံးခြင်းသည် UEC ၏ တာဝန်မဟုတ်ဘဲ မဲဆန္ဒရှင် ကာယကံရှင်၏ တာဝန်သာ ဖြစ်သည်ဟု ဆိုလိုရာ ရောက်ပါသည်။ တာဝန်ယူရမည့် အဖွဲ့အစည်းနှင့် တာဝန်ရှိသူတို့၏ တာဝန်မဲ့ စကားကို ဒီအချိန်မှာ အပြစ်တင်ပြီး ထိုင်ဆဲနေရမည့် အချိန်လည်း မဟုတ်တော့ပါ။

မှန်ပါသည်။ မဲပေးခွင့်ရှိသူ မဲဆန္ဒရှင် တစ်ဦးအတွက် မဲပေးခွင့် မဆုံးရှုံးရန်မှာ မိမိ၏ တာဝန်သာ ဖြစ်ပါသည်။ ထိုတာဝန်သည် မိမိ၏ မွေးရာပါ တာဝန်လည်း ဖြစ်ပါသည်။ ထို့ကြောင့် ယခု ကြေညာထားသော မဲစာရင်းတွင် မိမိအမည် ပါ-မပါ၊ ပါသော်လည်း အချက်အလက်များ မှန်-မမှန် တိုက်ဆိုင်စစ် ဆေးရမည်သာ ဖြစ်ပါသည်။ ကြည့်ရခက်သည်၊ ခေါင်းမူးသည်၊ ပင်ပန်းသည် မှန်သော်လည်း မိမိဘ၀ တစ်လျှောက်လုံး ခါးသီးစွာ ခံစားလာခဲ့ရသည့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဘ၀ဒုက္ခများကို ပြန်လည် သတိရအောက်မေ့ပြီး ထိုမျှ ကြီးမားလှသော ဘ၀ဒုက္ခ ပင်လယ်များနှင့် နှိုင်းစာလျှင် အခု မဲစာရင်းကြည့်ရသည့် ဒုက္ခမှာ နွားခြေရာခွက်ထဲက အိုင်ငယ်တစ်ခုသာ ဖြစ်ပါသည်။

မဲစာရင်း ကြည့်ရ တိုက်ဆိုင်ရသည်မှာ ခက်ခဲသည်ဆိုပြီး မတိုက်ဆိုင်တော့လျှင် ထိုသို့မတိုက်ဆိုင်မှုကို လိုလားတောင့်တ မျှော်မှန်းနေသူတို့၏ စိတ်သဘောကြိုက် ဖြစ်သွားနိုင်ပါသည်။ သူတို့ လိုချင်သော ထောင်ချောက်ထဲသို့ သက်ဆင်းသလို ဖြစ်သွားလိမ့်မည်ကို သတိပြု ကြရပါမည်။ ထို့ကြောင့် မဲစာရင်း ကြည့်ရမည့် ဒုက္ခကို စိုးရိမ်လျှင် လက်ရှိ ပိုင်ဆိုင်ထားသည့် ဘ၀ဒုက္ခများကို ပြန်လည် သတိရကြပါ။ ဆင်းရဲ သေးသေးလေးကို သည်းခံနိုင်လျှင် ချမ်းသာ သေးသေးလေး ရလိမ့်မည်။ ဆင်းရဲကြီးကြီးကို သည်းခံနိုင်လျှင် ချမ်းသာကြီးကြီး ရမည်ဟု မော်လမြိုင် တောင်လေးလုံး ဆရာတော်ကြီးက ဆိုမိန့်ခဲ့ဖူးပါသည်။ကျွန်တော်တို့ နိုင်ငံသားများသည် ဆင်းရဲမှု ပေါင်းစုံကို ဒူပေနာပေ ခံနိုင်ရည် ၀နေသူများ ဖြစ်နေရာ ချမ်းသာမှုကို ရှာဖွေချိန် တန်နေပြီ ဖြစ်ပါသည်။ သို့ဖြစ်ရာ မဲပေးခွင့် ရပြီးသူတိုင်း မဲစာရင်းမှာ ကိုယ့်အမည်ပါဖို့ မဖြစ်မနေ ကြိုးစားသင့်ကြပါသည်။

(၃) ဤတွင် မဲပေးခွင့် ရှိသူတိုင်း အဘယ့်ကြောင့် မဲပေးခွင့် မဆုံးရှုံးသင့်သည်ကို နားလည် သဘောပေါက်ရန် လိုအပ်လာပါသည်။ ထိုသို့ သဘောပေါက်ရန်အတွက် မဲပေးခွင့်နှင့် မဲပေးခြင်းဟူ၍ အပိုင်းနှစ်ပိုင်းကို ကနဦး ခွဲခြားသိရန် လိုပါသည်။ မဲပေးခွင့် ဆိုသည်မှာ အခြေခံ ဥပဒေတွင် ပြဋ္ဌာန်းထားသည့် အသက်အရွယ်အတိုင်း နိုင်ငံသားတစ်ယောက်၏ ရပိုင်ခွင့်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲပေးခွင့် အခွင့်အရေးကို ရကြမည် ဖြစ်ပါသည်။ ဤအခွင့်အရေးမှာ သက်ဆိုင်ရာ အုပ်ချုပ်သူတို့က ပေးမှရသော အခွင့်အရေး မဟုတ်ဘဲ မိမိ၏ မွေးရာပါ ရပိုင်ခွင့်သာ ဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် ဒီမိုကရေစီသည် လူ့ဘ၀လူ့အဖြစ် လူ့ဇာတိကို တန်ဖိုးထား ရိုသေလေးစားသော ၀ါဒဖြစ်ပြီး ဒီမိုကရေစီ ၀ါဒရှိမှသာ မဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့် ရသောကြောင့် ဖြစ်သည်။
အာဏာရှင်များ အုပ်ချုပ်သည့် နိုင်ငံများတွင် အသက် ၁၈ နှစ် မပြောနှင့်။ ၈၁ နှစ် အရွယ်ရောက်သူတို့ပင် မဲပေးခွင့် မရှိပါ။ အာဏာရှင် နိုင်ငံများတွင် ရွေးကောက်ပွဲစစ်စစ်ဟူ၍ မရှိဘဲ ဟန်ပြ ရွေးကောက်ပွဲမျိုးသာ
ရှိတတ်သည်။

ထိုဟန်ပြ ရွေးကောက်ပွဲမျိုးမှာပင် မဲဆန္ဒရှင်တို့မှာ မိမိတို့ မဲပေးလိုသူကိုပင် မဲပေးခွင့်မရှိဘဲ အာဏာရှင်တစ်ယောက် သို့ မဟုတ် အာဏာတစ်စုက မဲပေးခိုင်းသူကိုသာ မဲပေးရသည်။ ဒီမိုကရေစီကမူ ထိုသို့မဟုတ်။ ၁၈ နှစ်ပြည့်ပြီးသည်နှင့် လူရာဝင်ပြီဟု အသိအမှတ်ပြုကာ လူ့ဘ၀ကို တန်ဖိုးထားပြသည်။ အာဏာရှင်နိုင်ငံတွင်မူ မြင်တတ်သော မျက်စိကို အကန်းလိုပိတ်၊ ကြားနိုင်သော နားကို ထိုင်းနေသလိုပိတ်၊ မှန်ရာမှန်ကြောင်း ဆိုတတ်သော ပါးစပ်ကို အ,အလို ပိတ်ထားရသဖြင့် အရာရာ လူဖြစ်ရှုံးရသည်။

ကျွန်တော်တို့ နိုင်ငံသားများသည် ဒီမိုကရေစီဆိုသော စကားလုံးနှင့် ယခုမှ ရင်းနှီးရသော်လည်း မျက်စိပိတ်၊ နားပိတ်နှင့် ပါးစပ်ပိတ်နေရသော လူဖြစ်ရှုံးရသည့် ဘ၀များနှင့်မူ စိမ်းဝေးကြသူများ မဟုတ်ပေ။ သုမနကျောကို လှန်ကြည့်လိုက်လျှင် ဒဏ်ရာတွေကိုပဲ တွေ့ရပေလိမ့်မည်။ သို့ဖြစ်ရာ ယခုရလာသည့် မဲပေးခွင့်ကို အကျိုးရှိအောင် အသုံးချဖို့ လိုပေလိမ့်မည်။ အာဏာရှင်နိုင်ငံ လူဖြစ်ရှုံးဘ၀နှင့် ဒီမိုကရေစီနိုင်ငံ လူဖြစ်ကျိုးနပ်မှုတို့ကို နှိုင်းယှဉ် ချိန်ထိုးကြဖို့ ဖြစ်ပါသည်။

(၄) ဒုတိယ သိနားလည်ရမည့် အချက်မှာ မဲပေးခြင်း ဖြစ်သည်။ မဲပေးခြင်းတွင်  အဓိပ္ပာယ်များစွာ ရှိသည်။ ပထမဆုံး အချက်အနေဖြင့် မဲပေးခြင်း ဆိုသည်မှာ မိမိကိုယ်ကိုယ် လူသားတစ်ဦး ဖြစ်ပါသည်ဟု ထုတ်ဖော် ကြေညာခြင်းပင် ဖြစ်သည်။ မဲပေးခွင့် ရှိပါလျက် မဲပေးရန် တာဝန် ပျက်ကွက်သူ သို့မဟုတ် မဲမပေးဘဲ နေခြင်းသည် မိမိကိုယ်မိမိ လူဖြစ်ပါသည်ဟု ၀န်ခံရမည်ကို ကြောက်သောသူနှင့် တူသည်။ လူသားတစ်ဦး ဖြစ်ပါလျက်နှင့် လူတစ်ဦးဖြစ်ကြောင်း ကြေညာဝန်ခံရန် အဘယ်ကြောင့် ၀န်လေးနေစရာ ရှိမည်နည်း။

တကယ်တော့ မဲပေးခြင်းမှာ မဲဆန္ဒရှင်သည် မိမိသည် လူဖြစ်သည်။ လူဖြစ်သည့်အတွက် မိမိသည် ရှင်ဘုရင်လည်း ဖြစ်သည်။ ရှင်ဘုရင် ဖြစ်သည့်အတွက် အချုပ်အခြာ အာဏာကို ပိုင်ဆိုင်သူလည်း ဖြစ်သည်။ ထိုပိုင် ဆိုင်သည့် အာဏာအနက်မှ တစ်စိတ် တစ်ဒေသကို အရွေးခံတစ်ဦးအား လွှဲပေးတော့မည်ဟု လူသိရှင်ကြား ကြေညာခြင်းဖြစ်ရာ မဲပေးခြင်းအလုပ်သည် မိမိ၏ လူ့ဘ၀လူ့ဇာတိ လူ့အဖြစ်ကို တန်ဖိုးထား လေးစားမှုကို ပြသသော အလုပ်ဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီ နိုင်ငံသားတစ်ဦးအနေဖြင့် မဲပေးရသော အလုပ်ထက် မျက်နှာရှိသောအလုပ်၊ ဂုဏ်ယူစရာကောင်းသော အလုပ်၊ ရွှင်လန်း ၀မ်းမြောက်စရာကောင်းသော အလုပ်မျိုး မရှိဟု သိနားလည်ကြရန် ဖြစ်ပါသည်။

(၅) အမြင်အားဖြင့် ကြည့်သော် မဲပေးခြင်းသည် မိမိနှစ်သက်ရာ ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ် ထောက်ခံပေးခြင်းဟု နားလည်ရသော်လည်း အမှန်တကယ်အားဖြင့် မိမိတို့၏ ဘ၀ကို မိမိတို့ကိုယ်တိုင် ရွေးချယ်ခြင်းသာ ဖြစ်သည်။ မိမိသည် ဘာဖြစ်ချင်သနည်း။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးစသည့် လူမှုဘ၀များတွင် မည်သို့သော လူမှုဘ၀မျိုးကို လိုချင်သနည်း။ အေးချမ်း ကောင်းမွန်သော လူမှုဘ၀များကို လိုချင်သလော။ ဖွားဖက်တော်မှ အနိုင်နိုင်လုံရုံ ဖွတ်ကျောပြာစု လူမှုဘ၀များကို လိုချင်သလော။

မိမိကြိုက်သော ကိုယ်စားလှယ်ကို မိမိက မဲပေးရွေးချယ်လိုက်ခြင်းသည် မိမိ၏ ဘ၀ကို စီမံခန့်ခွဲပေးပါဟု အပ်နှံလိုက်ခြင်းပင် ဖြစ်သည်။ ထိုကိုယ်စားလှယ်သည် မိမိတို့၏ဘ၀ကို ဖန်တီးပေးမည့်သူ ဖြစ်သည်။ ထို့ကြောင့် မိမိလိုချင်သော ဘ၀အဆင့်အတန်းကို ဘယ်ကိုယ်စားလှယ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီက ဖန်တီး ဆောင်ရွက် ပေးနိုင်မည်နည်း ဆိုသည်မှာ မိမိ၏ ရွေးချယ်မှု အပေါ်တွင်သာ မူတည်နေပါသည်။ မိမိတို့၏ ဘ၀ကို ပြောင်းလဲလိုလျှင် ပြောင်းလဲပေးနိုင်သူကို ရွေးချယ်ရပေလိမ့်မည်။ သို့ဖြစ်ရာ မိမိ၏ ရွေးချယ်မဲပေးမှုသည် မိမိဘ၀တွက် မိမိကိုယ်တိုင် စီရင်ချက်တစ်ခုကို ချမှတ်လိုက်ခြင်းပင် ဖြစ်သည်။
(ကိုးကား- သခင်ဘသောင်း၏ ဒီမိုကရေစီ ဆိုတာ)
Writer: 
ဖေဒီ

http://news-eleven.com/

Post a Comment

 
Top