အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း အတည်ပြုနိုင်ရေးအတွက် ဆန္ဒထုတ်ဖော်ရာ၌ လက်ပံတန်းမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူများဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေသူ ဒေါ်ခင်ခင်ကျော်မှာ သာယာဝတီမြို့နယ် တွဲဖက်တရားရုံးတွင် တရားစွဲဆိုခံထားရကြောင်း သိရှိရသည်။
ဒေါ်ခင်ခင်ကျော်မှာ သာယာဝတီမြို့နယ် တွဲဖက်တရားရုံးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ ဖြင့် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး တရားစွဲခြင်းကို စက်တင်ဘာလ ၂၁ ရက်တွင် ရုံးချိန်း ခေါ်ဆိုထားကြောင်းကိုလည်း သိရသည်။
“စက်တင်ဘာလ ၁ ရက်နေ့တုန်းက ရုံးချိန်းမှာ တရားသူကြီးနဲ့ အပြန်အလှန် ပြောဆိုမှုတွေလည်း ရှိခဲ့တော့ ဒါကိုပဲ တရားစွဲဆိုထားတာနေမယ် ထင်ပါတယ်။ ဒါပေမဲ့ ဘာကိစ္စကို တရားစွဲဆိုထားတယ်ဆိုတာကိုတော့ မသိရသေးဘူး။ ကျွန်မကတော့ ရင်ဆိုင်ဖြေရှင်းသွားမှာပါ” ဟု ဒေါ်ခင်ခင်ကျော်က ပြောသည်။
သာယာဝတီမြို့နယ် တွဲဖက်တရားရုံး၌ ရှေ့နေဒေါ်ခင်ခင်ကျော်အား တရားစွဲဆိုသူကို မသိရှိရသေးသော်လည်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၂၈ ၀တ်္တရားနှောင့်ယှက်မှုဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။
“တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်ထိန်းသိမ်းသွားရမယ့်အစား တရားဥပဒေလက်နက်ကြီး အသုံးပြုပြီး ပစ်ခတ်တယ်ဆိုတာ မဖြစ်သင့်ဘူး။ အဲလိုသာဆိုရင် ဒီဘက်ကလည်း ပြန်ပစ်နိုင်မယ့် အချက်အလက်တွေ တွေ့လာနိုင်တာပေါ့” ဟု ဖမ်းဆီးခံထားရသည့် ကျောင်းသားနှင့် ၀န်းရံပြည်သူများအတွက် ရှေ့နေအဖြစ် ဆောင်ရွက်ပေးနေသူ ဦးရောဘတ်စန်းအောင်က ပြောသည်။
ရှေ့နေဒေါ်ခင်ခင်ကျော် တရားစွဲဆိုခံရမှုသည် ဖမ်းဆီးခံထားရသူများ၏ တရားရင်ဆိုင်ရမှုအပေါ် ထိခိုက်မှုမရှိသော်လည်း တရားခွင်မှ ရပ်ဆိုင်းခံရနိုင်ခြင်း ရှိ၊မရှိကို မသိရှိရသေးကြောင်း ဦးရောဘတ်စန်းအောင်က ပြောသည်။
ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၂၈ မှာ ထင်ရှားပါက ငွေဒဏ် ၁၀၀၀ ကျပ် သို့မဟုတ် အလုပ်နှင့်ထောင်ဒဏ် ၆ လ၊ အလုပ်မဲ့ထောင်ဒဏ် ၆ လ ချ မှတ်နိုင်ကြောင်းသိရသည်။
မင်းဝဿ န်
Post a Comment