ညနေ နေ၀င်ခါနီးလျှင် လူအများစုကြီးမှာ ညစာစားဖို့ ပြင်ဆင် ချက်ပြုတ်ရင်း အလုပ်များကြသည်။ အမျိုးသမီးတစ်စု ကား ညစာမစား၊ နေရောင်စားဖို့ ပြင်ဆင်ရင်း အလုပ်များနေကြသည်။
ဟောင်ကောင်တွင် အမျိုးသမီးများ နေရောင်စားသည့်ဓလေ့ ခေတ်ထနေသည်။ နေ၀င်ချိန်တွင် ကမ်းခြေသို့မဟုတ် လဟာ ပြင်ကွင်းပြင်နေရာများ ထွက်ကာနေလုံးကို စိုက်ကြည့်ခြင်းဖြင့် လူသည် နေရောင်ကို စားကာ အာဟာရဖြစ်သောကြောင့် ညစာ စားရန် မလိုတော့ဟု ထိုသူများက ယုံကြည်သည်။ ညစာစားရန် မလိုတော့ခြင်း အကျိုးဆက်အဖြစ် ၀ိတ်ကျကာ ပိန်လျစေမည်ဟု ခံယူကြသည်။ နေ၀င်ချိန်မှာ နေလုံးနီနီကို စိုက်ကြည့်ခြင်းသည် အမြင်အာရုံကိုလည်း ပိုကောင်းစေသလို၊ ညကျတော့လည်း အိပ်လို့ ပိုကောင်းစေသည်ဟု လက်ခံထား ကြသည်။
ညနေနေ၀င်ခါနီးလျှင် ဟောင်ကောင်ရှိ ဆမ်ကာရွာကမ်းခြေသို့ အသက် (၂၀)၊ (၃၀) ၀န်းကျင် အမျိုးသမီးများ တဖွဲဖွဲ ရောက်လာပြီး၊ ဖိနပ်တွေချွတ်၊ နေကာမျက်မှန်တွေ ချွတ်ကာ ကမ်းခြေမှာ နေစားသုံး ကြသည်။ တချို့ကလည်း လူကို နေရောင် မထိအောင် ထီးနဲ့ကာပြီး မျက်လုံးနဲ့သာ နေလုံးကို ကြည့်ကြသည်။ တချို့လည်း အသားကို တစ်သျှူးစက္ကူနဲ့ အုပ်ထားကြသည်။
““ထမင်းစားမယ့် အစားနေရောင်ကို စားသုံးတဲ့ ဓလေ့ပါ။ တချို့ဆိုရင် နေရောင် စားသုံးတဲ့ အလေ့အကျင့်ကြောင့် ညစာ အစားလျော့ သွားတယ်။ တချို့ဆို ညစာ လုံးဝမစားဘဲနဲ့ကို အာဟာရ ပြည့်နေတယ်””ဟု ကမ်းခြေတွင် နေရောင်စားသုံးသူ အမျိုးသမီးတစ်ဦးက ပြောကြောင်း Oriental Daily သတင်းဝဘ်ဆိုက်က ဖော်ပြသည်။
ထိုအမျိုးသမီးသည် ပထမဆုံးနေ့တွင် နေကို (၁၀) စက္ကန့်စာ စိုက်ကြည့်ပြီး နေ့စဉ် (၁၀) စက္ကန့်စီတိုးသွားရာ၊ ယခုဆို လေ့ကျင့်ကာလ ကိုးလအတွင်း နေကို (၄၄) မိနစ်ထိ စိုက်ကြည့်နိုင်သည့် အဆင့် ရောက်နေပြီဟု ဆိုသည်။
ကမ်းခြေတွင် ထိုသို့ နေရောင် စားသုံးခြင်းသည် အရေပြားအပေါ် ခရမ်းလွန်ရောင်ခြည် အလွန်အမင်း ကျရောက်စေသဖြင့် အရေပြားကင်ဆာ ဖြစ်စေနိုင်ကြောင်း အရေပြားပညာရှင် ဟောင်ရှန်းဂျွန်က Oriental Daily သို့ ပြောသည်။
Source: Daily Mail
http://messengernewsjournal.com/
Post a Comment