0

ဘူဒါပတ်စ်၊ စက်တင်ဘာ ၁၇
ဟန်ဂေရီနှင့် ဆားဘီးယား နယ်စပ်ဒေသတွင် သံဆူးကြိုးများဖြင့် ခြံစည်းရိုးခတ်ထားသော်လည်း ရွှေ့ပြောင်းဒုက္ခသည်များက မရမက ဝင်ရောက်ရန် ကြိုးပမ်းကြသောကြောင့် ဟန်ဂေရီ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့က ၎င်းတို့ကို မျက်ရည်ယိုဗုံးများနှင့် မီးသတ်ပိုက်များ အသုံးပြုကာ လူစုခွဲလိုက်ရကြောင်း ဥရောပ သတင်းဌာနများက ရေးသားဖော်ပြသည်။
ဟန်ဂေရီ နယ်စပ်ဒေသ ဆားဘီးယား မြို့တစ်မြို့ဖြစ်သော ဟိုဂိုစ်တွင် ဟန်ဂေရီ ရဲတပ်ဖွဲ့များနှင့် ရွှေ့ပြောင်းဒုက္ခသည်များ အကြား လိပ်ခဲတည်းလည်း အခြေအနေ ဖြစ်ပေါ်ခဲ့ရာမှ ဟန်ဂေရီတပ်ဖွဲ့က အင်အားသုံးကာ နှိမ်နင်းလိုက်ခြင်း ဖြစ်သည်။
ရွှေ့ပြောင်းဒုက္ခသည် အချို့သည် ဟန်ဂေရီ ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ၊ ကျောက်တုံးများ၊ ရေသန့်ဘူးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြပုံများကိုလည်း ရုပ်သံမီဒီယာများက ထုတ်လွှင့်ပြခဲ့ကြသည်။
ယခုကဲ့သို့ ဟန်ဂေရီထဲသို့ ဇွတ်အတင်း ဝင်ရောက်ရန် ကြိုးပမ်းလျက်ရှိသော ရွှေ့ပြောင်းဒုက္ခသည်များသည် ယင်းနိုင်ငံမှတစ်ဆင့် ဂျာမနီထဲသို့ ဝင်ရောက်လိုသူများ ဖြစ်ကြသည်။
ထိပ်တိုက်ပဋိပက္ခမှာ ရှောင်လွှဲ၍ မရနိုင်သော အခြေအနေကြောင့် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောဆိုထားပြီး နေ့ခင်းပိုင်း နေပူပြင်းလာသည့် အချိန်တွင်လည်း ရွှေ့ပြောင်းဒုက္ခသည်များက ဟန်ဂေရီ အဓိကရုဏ်း နှိမ်နင်းရေးတပ်ဖွဲ့မှ ပြင်ဆင်ဆောက်လုပ်ထားသော ခြံစည်းရိုးဂိတ်အနီးတွင် ကပ်ကာ ရပ်စောင့်ခဲ့ကြသည်။
“ဂိတ်တံခါးဖွင့်၊ ဂိတ်တံခါးဖွင့်” ဟု ရွှေ့ပြောင်းဒုက္ခသည် လူအုပ်ကြီးက အော်ဟစ်ပြောဆိုကြသည်။
ယင်းသို့ ဂိတ်တံခါးအနီး ရပ်နေခြင်းကြောင့် ဟန်ဂေရီနိုင်ငံ အနေနှင့် နယ်စပ်တံခါး ပြန်ဖွင့်ပေးလာမည်ဟု ရွှေ့ပြောင်းဒုက္ခသည်များက ထင်မှတ်လျက်ရှိသည်။
သို့သော် ဟန်ဂေရီ ရဲတပ်ဖွဲ့က ဂိတ်တံခါးဖွင့်မည့် ကိစ္စအတွက် တစ်စုံတစ်ရာ လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုပေ။
ထို့နောက် ဒုက္ခသည်အများစုက ဟန်ဂေရီ ရဲတပ်ဖွဲ့ဘက်ကို ရေသန့်ဘူးများဖြင့် ပစ်ပေါက်ခဲ့ကြရာ အဓိကရုဏ်း နှိမ်နင်းရေးအဖွဲ့က မျက်ရည်ယိုဗုံးများ ပစ်ခတ်ကာ မီးသတ်ပိုက်များဖြင့် ထိုးပက်ပြီး လူစုခွဲပစ်လိုက်ကြသည်။

Post a Comment

 
Top