0


နာဂစ် ဒုက္ခသည်များ ၀င်ရောက် နေထိုင်နေရာ နေအိမ်များအနီး ပါတီတစ်ခုမှ မဲဆွယ် ဆိုင်းဘုတ်လာရောက် စိုက်ထူထားပုံကို မြင်ရပုံ
လပွတ္တာ သုံးမိုင်မြို့သစ်တွင် ၀င်ရောက် နေထိုင် နေရသော နာဂစ် ဒုက္ခသည် မိသားစုဝင် ၃၀၀ ကျော်အား မြေနေရာများ ချထားပေးမည်ဟု ဆိုကာ နိုင်ငံရေး ပါတီအချို့က မဲဆွယ် စည်းရုံးမှုများ ရှိနေကြောင်း သတင်းရရှိ သည်။
“ကျွန်တော်တို့ဆီကို ၁၃ ရက်က ပါတီတစ်ခုက ဆရာတွေ လာတယ်။ သူတို့က ကျွန်တော်က  မြေတောင်း ပေးရမယ့် အဖွဲ့မဟုတ်ဘူး။ လက်ရှိ မြေပေးနိုင်တဲ့ ပါတီ၊ ကျွန်တော်တို့ကို အားပေးပါလို့ ပြောတယ်။ မြေနေရာ ပေးမယ် မဲပေးလို့တော့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သူတို့ ဘယ်လို ဆိုလိုလဲဆိုတာ ကျွန် တော်လည်း သဘောပေါက်ပါတယ်။ သူတို့ ပါတီက ရွာထဲမှာ ဘုတ်တော့ ထောင်သွားတယ်။ ကျွန်တော်တို့ကတော့ မြေနေရာ တကယ် ပေးမယ်ဆိုရင် လိုချင်ပါတယ်”ဟု ဦးဝင်းလွင်က ပြောကြားသည်။
နာဂစ် မုန်တိုင်း ပြီးစီးချိန်မှ စတင်ကာ အစိုးရမှ လပွတ္တာမြို့နယ် အတွင်းရှိ မြွေဟောက်၊ ကြာကန်၊  ပိန္နဲတောင် စသည့် ကျေး ရွာ ၁၃ ရွာတွင် ဒေသခံ တောင်သူများပိုင် လယ်ယာမြေများပေါ်တွင် နာဂစ် ဒုက္ခသည် များအား ယာယီ နေရာ ချထားပေးခဲ့ပြီး နာဂစ်ပြီးချိန် ခုနစ်နှစ် ကျော်လာသည်အထိ  မြေနေရာများ သတ်မှတ် ချထားပေးမှု မလုပ်ဆောင်ခဲ့သောကြောင့် ဒုက္ခသည်များမှာ လပွတ္တာ သုံးမိုင်မြို့သစ်တွင် ၀င်ရောက်နေ ထိုင် နေရလျက်ရှိသည်။
ယင်းသို့ ၀င်ရောက် နေထိုင်ရသော ဒုက္ခသည်များကို အစိုးရမှ မြေနေရာများ ပေးအပ်မည်ဟု ဆိုသော်လည်း လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုများ မရှိသေးကြောင်း သိရသည်။
“ကျွန်မတို့ကတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ မြေနေရာ တကယ် လိုချင်ပါတယ်။ နာဂစ် ဒုက္ခသည်တွေဆိုတဲ့ နာမည်ကို ပျောက်ချင်ပါပြီ။ ဘယ်ပါတီရယ် ဘာရယ်ကို မသိပါဘူး။ ကျွန်မတို့ကို မြေနေရာပေးမယ် ဆိုတဲ့ ပါတီကိုပဲ မဲပေးမှာပါ။ ဒါပေမဲ့ ကတိပဲ ပေးထားပြီးတော့ မလုပ်ပေးရင်လည်း ကျွန်မတို့ ခံလာခဲ့ရတာ ခုနစ်နှစ် ကျော်ပါပြီ။ သိလာပြီ။ ဒါကြောင့် မြေနေရာ အရင်ပေး ဒါမှမဲပေးမယ်”ဟု နာဂစ် ဒုက္ခသည် တစ်ဦးဖြစ်သူ ဒေါ်မှေးက ပြောကြားသည်။
လပွတ္တာ သုံးမိုင်မြို့သစ်တွင် ၀င်ရောက် နေထိုင်နေရသည့် နာဂစ်ဒုက္ခသည် မိသားစုများမှာ  ၃၀၀ ကျော်ထိရှိပြီး မဲ ပေးပိုင်ခွင့်ရှိသူမှာ ၂၀၀ ကျော်ရှိကြောင်း သိရသည်။
Writer: 
မင်းသူဝင်းထွဋ်

http://news-eleven.com/

Post a Comment

 
Top