0

စက်တင်ဘာလဆန်းက ပြုလုပ်သော နှင်းဆီနေ့သစ် အငြိမ့်ဖျော်ဖြေပွဲကို တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)
ညက သမီးတို့တွေ အတော်ညဥ့်နက်မှ အိပ်ရာဝင်ကြပါတယ်။ အစကတော့ သူတို့တွေ ၀ိုင်းဖွဲ့စကားပြော အဆာပြေတစ်ခုခုစားနေကြတယ်လို့ ထင်မိတာမဟုတ်ပါဘူး။ မြေးငယ်ရဲ့အသံကပါပါနေပြီး တဟားဟား တ၀ါးဝါးရယ်သံတွေကြားရတော့မှ သူတို့အငြိမ့်ကြည့်နေကြမှန်းသိလိုက်ရပါတယ်။ အငြိမ့်လူရွှင်တော်တွေ ထုတ်တဲ့ ပြက်လုံးတွေမှာ သဘောကျနေကြပြီး ညဥ့်နက်ကုန်ကြတာပါ။
ဒီလိုပဲ။ သူတို့တွေဟာ ရုပ်မြင်ကတိုက်ရိုက်လွှင့်တာမဟုတ်ဘဲ နာမည်ရ အငြိမ့်ခွေကို ကြည့်ကြရင်တောင် မင်းသမီးရဲ့ အဆိုအက အလှည့်ရောက်ရင် ကျော်ကျော်လို့ပြောတတ်ကြပြီး လူရွှင်တော်တွေရဲ့ပြက်လုံး ခွင်တွေကိုသာ အကြည့်များကြပါတယ်။ ‘အငြိမ့်ကြည့်တယ်ဆိုတာ မင်းသမီးရဲ့ အက အဆို အပြောကိုလည်း ကြည့်ရ အားပေးရတာပေါ့’ လို့ ပြောရပါသေးတယ်။ ပြက်လုံးတွေကို ကလေးအစ လူကြီးတွေပါ ကြိုက်ကြတာ ပါ။
လူတွေဆိုတာလည်း တစ်နေ့တစ်နေ့ သူတို့အလုပ်နဲ့သူတို့ သူ့ဖိစီးမှုနဲ့သူဆိုတော့ လူရွှင်တော်တွေ ပြက်တာတွေက သူတို့ကို ရယ်မောပျော်ရွှင်စေ အပန်းပြေစေပါတယ်။ တစ်နေ့တစ်နေ့ လူတွေရဲ့မျက်နှာတွေမှာ အပြုံးအရယ်တွေ ပျောက်ဆုံးနေကြတာကများပြီး မျက်နှာကြောတွေ တင်းနေ စိတ်ဖိစီး မှုတွေ ခံစားနေကြရတာက အမျိုးမျိုးပါပဲ။ မြင်ရကြားသိရတာတွေကလည်း မဟုတ်တရုတ်တွေ အနိဋ္ဌာရုံတွေ မမှန်မကန်ကြံစည် လှည့်စားမှုတွေက အထင်းသားဆိုတော့ စိတ်တွေမသက်မသာရှိကြပါတယ်။ ဒါတွေကို မသိမသာဖြစ်စေဖြေဖျောက်ချင်ကြပါတယ်။ ရယ်စရာကိုကြားရမြင်ရတော့ ခဏပဲဖြစ်ဖြစ် ပျော်သွားပါတယ်။ လူတွေကို ပျော်ရွှင်မှု ပေးသင့်ပါတယ်။ မှတ်မိပါသေးတယ်။ အစိုးရဌာနမှာ အလုပ်ဝင်ပြီး ပြီးချင်းဆိုသလို အင်းယားလေးလူငယ်စခန်းမှာ ဌာနခွဲမွမ်းမံသင်တန်း တစ်လတက်ကြရတော့ သင်တန်းတစ်ချိန်ပြီးလို့ ခဏတစ်အောင့် နားတယ်ဆိုတာနဲ့ စည်းရုံးရေးမှူး ဦးခင်မောင်လတ်ရဲ့ အနားကိုကျွန်တော်တို့တွေ စုပြုံ ရောက်ကြပြီး သူပြောပြတဲ့ ဟာသတစ်ခုမှာ ရယ်မောကြရလို့ အမောပြေအပန်းပြေ အိပ်ချင်ပြေခဲ့ကြပါတယ်။ ကိုလတ်ဟာ အလွန်ဗဟုသုတများတဲ့လူ၊ စကားပြောရင်လည်း ခပ်သွက်သွက်ခပ်ရွှင်ရွှင် ပြောတတ်တဲ့သူပါ။ လူကသေးညှက်ပေးမယ့် အတွေးအမြင် ထက်မြက်ပါတယ်။ ဆက်ဆံရေးကောင်းပါတယ်။ သူနဲ့တွေ့တာနဲ့ သူဟာ အသစ်တစ်ခု ဘာပြောဦးမလဲဆိုလိုက်ရင် သူကလည်း အသစ်တစ်ခုပြောတော့တာပါပဲ။
ဒီလိုပဲကျွန်တော်တို့ဟာ ဆရာသမားတွေ မိတ်ဆွေတွေ သူငယ်ချင်းတွေနဲ့ ဆုံကြတဲ့အခါက Joke တွေကို ကြားရတတ်ပါတယ်။ သူတို့ပြောတာနားထောင် ကိုယ်တွေ့ဖူး ကြားဖူးတာလည်း ပြန်ပြီးပြောပေါ့။ ကမ္ဘာ့ စာနယ်ဇင်းတွေမှာ ကာတွန်း၊ ရုပ်ပြောင်နဲ့ ဟာသ Joke တွေဟာလူတွေကို ဟာဒယရွှင်ဆေး တိုက်ကျွေးနေတာဖြစ်ပါတယ်။ Play Boy တွေက စားပွဲတွေမှာ ပုလင်းကိုယ်စီ ဖန်ခွက်ကိုယ်စီနဲ့ သောက်စားနေကြပါတယ်။ အဲဒီဘားထဲကိုလူတချို့ ရောက်လာပြီး ဘားခန်းအ၀င်ပေါက်အထက်မှာ စာတန်းတစ်ခု ချိတ်ဆွဲပြီး ဟောပြောကြပါတယ်။ စာတန်း က Anti-Alcoholism အရက်ရှောင်ရှားရေးပါတဲ့။ ဒီတော့ အခန်းထဲကယမကာသမားတွေ ကသိကအောက်ဖြစ်ကြတာပေါ့။ သူတို့ ပြောနေတာကိုတော့ ဒီမိုကရေစီအရ ခွင့်လွှတ်တယ်။ ဒီမှာတင်ပဲ ဇိုးငနဲတစ်ယောက် က ထရပ်လိုက်ပြီး သူ့အရက်ဖန်ခွက်ကို စာ တန်းဆိုင်းဘုတ်ဆီ မြှောက်လိုက်ပါတယ်။ ပြီးတော့မှ ‘drink to that’ လို့ ပါးစပ်ကလည်း ပြောလိုက်တော့ ဘားထဲလူအားလုံးက သဘောတွေကျသွားပြီး ခွက်အသီးသီးကို မြှောက်လိုက်ကြပါတယ်။ အရက်ရှောင်ရှား ရေးအတွက်ကိုပဲ အထိမ်းအမှတ်လုပ်ပြီး သောက်ပါသတဲ့။ သောက်သုံးသူတွေဆိုတာလည်း ဟိုအထိမ်းအမှတ် ဒီအထိမ်းအမှတ်၊ စိတ်ညစ်လို့ စိတ်ပျော်လို့ဆိုပြီး သောက်ကြတာကိုး။ Anti လုပ်တာကိုပဲ ထောက်ခံဟန်နဲ့ သရော်လိုက်တာပါ။
ဆရာသမားတစ်ယောက် ပြောပြဖူးတဲ့ ဟာသတစ်ခု ရှိပါသေးတယ်။ တစ်ခါတော့ ပြည်မက နိုင်ငံရေးသမားကြီးတချို့ဟာ တောင်တန်းဒေသတစ်ခုဆီကို ခရီးသွားကြသတဲ့။ ဟိုကိုရောက်တော့ ဒေသခံလူကြီးတွေ ခေါင်းဆောင်တွေနဲ့တွေ့ဆုံကြဟောပြောကြသတဲ့။ တစ်ရေမြေတည်း အတူနေကြတဲ့ ညီနောင်သွေးချင်းတွေ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးရှိကြဖို့ စိတ်ဝမ်းမကွဲ အာဃာတမရှိကြဖို့တဲ့။ ပြောကြတယ်။ အောက်ပြည်မက နောင်ကြီးတွေပြောဆိုပြီးတဲ့အခါ တောင်တန်းဒေသက လူတွေကလည်း ပြန်ပြောကြ တယ်။ စကားသံက၀ဲဝဲ၊ မပီတဲ့အလုံးကမပီနဲ့တဲ့ သူတို့ပြောစကားက-
‘‘နောင်ချီး(ကြီး)တို့ အခုလို ကျွန်တော်တို့ဆီ တကူးတက ကြွရောက်လာကြပြီး ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ဦးနဲ့တစ်ဦး ချစ်ခင်စည်းလုံးနေကြဖို့ ပြောလာတာဟာဖြင့် တန်ဖိုးကြီးလှပါတယ်။ ကျေးဇူးအများချီးတင် ပါတယ်။ ကျွန်တော်တို့ဆီမှာကတော့ ရပ်သူရွာသားတွေဟာ ရိုးရိုးသားသား ဒီလိုလေးပဲ နေထိုင်လုပ်ကိုင်စားသောက် အသက်မွေးနေရတာကြောင့် အချင်းချင်းလည်း ချစ်ခင်ကြပါတယ်။ ရန်မဖြစ်ကြပါဘူး။ အမျိုးတွေလည်း ဖြစ်ကြတယ်မဟုတ်လား။ နောင်ကြီးတို့ဆီမှာတော့ အချင်းချင်းလည်း စကားတွေများကြ၊ ပြောရင်းဆိုရင်းနဲ့ အော်ကြဟစ်ကြ၊ အချင်းချင်းလည်း နားရွက်တွေကို တံထွေးတွေဆွတ် ကြတယ်လို့ ပြောပါတယ်။ ရန်ဖြစ်ပြီး လက်သီးနဲ့ထိုး၊ ပါးရိုက်၊ ကန်ကြောက်ကြတယ်လို့လည်း ကြားရလို့ ဗဟုသုတရပါတယ်။ အခုလိုဖြစ်တတ်ကြတာကြောင့် အခုလို ကျွန်တော်တို့ဆီမှာ မဖြစ်ကြအောင် လာပြောတာ ကျေးဇူးတင်မဆုံးပါဘူး။ ပြောရရင်တော့ ကျွန်တော်တို့ရဲ့ တောင်ပေါ်ကို နောင်ကြီးတို့ အောက်ကနေကြည့်ရင် တေးတေးကလေး (စကားဝဲ မပီလို့သေးတာကိုပြော) မြင်ရသလိုပဲ ကျွန် တော်တို့တောင်ပေါ်ကနေ နောင်ကြီးတို့ တောင်အောက်ဆီလှမ်းကြည့်ရင်လည်း တေးတေးကလေးပဲမြင်ရပါတယ် ခင်ဗျား...’’
ကဲ၊ ရယ်စရာရယ်ရတာပဲမဟုတ်လားဗျာ။
Joke ကို အဘိဓာန်က ရယ်စရာ၊ ဟာသ၊ ပြက်လုံးလို့ အဓိပ္ပာယ် တစ်ခုပေးပါတယ်။ Oxford အိပ်ဆောင် အဘိဓာန်ကလေးမှာလည်း A thing that someone says to cause amusement or laughter လို့ တစ်ခုပေးပါတယ်။ a tick play for fun လို့လည်း တစ်ခုပေးပါတယ်။ ပြောတဲ့သူ၊ လှည့်ကွက်ကလေးတစ်ခု လုပ်တဲ့သူဟာ တခြားလူတွေ ရယ်မောပျော်ရွှင်ရအောင် လုပ်တာပါ။ ကြည့်ရှုနားထောင်တဲ့လူတွေ တစ်စုံ တစ်ယောက်နဲ့ တစ်ဖွဲ့ဖွဲ့ကို ထိခိုက်နစ်နာသွားစေလို စိတ်နဲ့ပြောတာလုပ်တာမဟုတ်ပါဘူး။ လူ့လောကမှာဖြစ်တတ် ရှိတတ်ကြတာ ‘ရယ်ချင်စရာပဲဗျာ’ လို့ ပြက်လုံးထုတ်သရော်တာပါ။ မိသားစုထဲမှာ စတာနောက်တာမခံချင်တဲ့သူကို နည်းနည်းပိုစတော့ ရယ်ကြရသလိုမျိုးပါ။ နန်းတွင်းမှာတောင် ဘုရင်၊ မိဖုရား၊ ၀န်ကြီးတွေကိုလည်း ဟာသလုပ်ပျော်တော်ဆက်တာတွေရှိခဲ့တယ် ဆိုပါတယ်။ တစ်ခါတစ်ခါ ပြက်လုံးထုတ်တာကို ရယ်ရကောင်းမှန်းမသိဖြစ်တာကို ကြည့်ပြီးတော့ ရယ်ကြရတာလည်း ရှိပါတယ်။ လူတွေဟာ ပျော်ရွှင်ချင်ကြတယ်ဗျာ။ ဒါကို လူရွှင်တော်တွေရဲ့ ပြက်လုံးတွေက ဖြည့်ဆည်းပေးတာပါ။
မွန်းကျပ်နေတဲ့၊ ကျဉ်းကျပ်ပိတ်ဆို့ခံရတဲ့လောကနဲ့ဘ၀ထဲ အဲဒီလိုအသောအထေ့ကလေးတွေဟာ ရင်ချောင်ပေါ့ပါးစေသလို လောကသဘာဝနဲ့ ဒဿနတွေလည်းရှိ သံဝေဂ ယူစရာလည်းပါတတ်ပါတယ်။ မော်လမြိုင်ကို တစ်ခေါက်ရောက်တော့ မွန်မိတ်ဆွေတစ်ယောက်နဲ့အတူ သွားရင်းသူက ကားနဲ့ဖြတ်သွားတဲ့ သူတစ်ယောက်ကို လှမ်းပြပြီး၊ ‘‘ဟိုးမှာတွေ့လား၊ (ဦးဘယ်သူလေ) သွားကြားထိုးနေပြီး သွားကြားထိုးနေပြီ’’ လို့ ပြောလိုက်တော့ ကြောင်သွားမိပါတယ်။ သူပြတဲ့လူကို သိပါတယ်။ ပါတီလူကြီးဖြစ်သွားတဲ့ ဆရာကြီး တစ်ယောက်ပေါ့။ ကားနဲ့သွားနေတာ မြင်ရက်နဲ့ ဘယ့်နှယ်သွားကြားထိုးနေပြီပြောသလဲ စဉ်းစားတုန်း ‘‘ဆိုရှယ်လစ်လောကဗိမာန်ဆိုတာ အစုလိုက်အပြုံလိုက် မရောက်ဘူးဆရာ။ သီးခြားစီ သီးခြားစီတော်ကောက်မှ ရောက်တာလေ’’ လို့ ဆက်ပြီးဆိုတော့မှ ‘သြော်’ ဆိုပြီး သဘောပေါက်လို့ပြုံးခဲ့ရပါတယ်။ ပါတီမှာ လူကြီးကြီးဖြစ်လို့ စားနေရပြီး ၀ါးနေရပြီလို့ ဆိုလိုတာကိုး။ သွားကြားထိုးနေပြီတဲ့။ ကြားဖူးခဲ့တာ တစ်ခုရှိသေးပါ တယ်။
တစ်ခါတော့ အကြီးအကဲဥက္ကဋ္ဌကြီးက ခရီးထွက်တော်မူသတဲ့။ လေယာဉ်ကြီးနဲ့ ထုံးစံအတိုင်း ခရီးလှည့်ရာမှာ ၀န်ကြီးတို့၊ မှူးကြီး တို့ဆိုင်ရာ လူကြီးမင်းများအကုန်ပါလာကြတယ်တဲ့။ လေယာဉ်ပေါ်မှာတော့ ထုံးစံအတိုင်းပဲ ထိပ်ဆုံးမှာ ကုလားထိုင်မြင့်မြင့်ကြီး တစ်လုံးမှာထိုင်လို့။ ကျန်တဲ့သူတွေက အနောက်မှာထိုင်ကြရတယ်။ လေ ယာဉ်ပျံတက်ပြီးတစ်မြို့ပြီးတစ်မြို့ကိုကောင်းကင်မှာ ပျံသန်းရင်းလှည့်ပတ်ကြည့်ကြတယ်။ ဥက္ကဋ္ဌကြီးက ဘာမှမမိန့်ကြား၊ ဘာမှမမေးရင် ဘာမှလည်းမပြောရဲကြတော့ လေယာဉ်ထဲမှာ တိတ်ဆိတ်နေသတဲ့။ ဒါကြောင့် ဥက္ကဋ္ဌကြီးက တစ်ခုခုကိုပြောစေချင်တဲ့ဟန်နဲ့ ဟိုတစ်ချက် ဒီတစ်ချက်လည်ကို စောင်းငဲ့လုပ်တော့ အထာပေါက်တဲ့သူတွေဆီက အသံဗလံတချို့ထွက်လာရောတဲ့။ ‘‘အင်း၊ အောက်ကိုကြည့်လိုက်တော့ ပုပုရွရွနဲ့ လူတွေ၊ လူတွေဟာ လုပ်စားကိုင်စားနေကြရတာပဲနော်’’ လို့ တစ်ယောက်က ပြောလိုက်တယ်။
‘‘ဒါပေါ့...ဒါပေါ့ဗျာ’’ တစ်ယောက်က ထောက်ခံတယ်။
‘‘ဟုတ်တယ်။ အဲဒီလူတွေဆီကို အပေါ်ကနေ ပိုက်ဆံတွေများကြဲချပေးလိုက်မယ်ဆိုရင် လူတွေ ပျော်သွားကြမှာပဲဗျနော်’’လို့ တစ်ယောက်ကလည်း ၀င်ပြောတယ်။ ခင်ဗျားက ဘာတန်တွေကြဲမှာလဲဗျ’’လို့ ဆိုပြန်တော့ ‘‘သြော်၊ ငါးကျပ်တန်၊ ဆယ်တန် နှစ်ဆယ်တန်တွေပေါ့’’ လို့ ပြောသတဲ့။ ဒီတော့ မေးတဲ့လူ က ‘‘နောင်ကြီးကလည်းဗျာ ကြဲမယ်ကြဲရင် ရာတန်တွေ ကြဲမှာပေါ့ဗျာ’’လို့ ပြောလိုက် တော့ ဥက္ကဋ္ဌကြီး နောက်ကလူတွေက သဘောတွေကျပြီး ‘‘ဟုတ်တာပေါ့ ဟုတ်တာပေါ့’’လို့ ၀ိုင်းထောက်ခံကြသတဲ့။ လေယာဉ်ကြီးထဲ စည်ကားနေတာပေါ့။ သူတို့ပြောတာတွေကို ဥက္ကဋ္ဌကြီးကကြားသလို လေယာဉ်ပိုင်းလော့ ကြီးကလည်း နောက်ဘက်ကို စကားတစ်ခွန်း ကြားတစ်ခါ လှည့်ဆိုသလို လုပ်တာကိုလည်း သူသတိထားမိသတဲ့။ အဲဒီလေယာဉ်းမှူးကြီး ဟာလည်း ဥက္ကဋ္ဌကြီးရဲ့ သွေးသားတစ်ဦးပါပဲ တဲ့။ ဒါကြောင့် ဥက္ကဋ္ဌကြီးက ‘‘ဟေ့ကောင်၊ မင်းက သူတို့ပြောတာကို လှည့်ကြည့်လှည့်ကြည့်နဲ့ သူတို့က လူတွေ ပျော်သွားအောင် ပိုက်ဆံကြဲချမယ်ပြောတယ်။ မင်းကရော ဘာ ပြောမလဲ’’လို့ မေးလိုက်တယ်တဲ့။
ဒီအခါ ပိုင်းလော့ကြီးက နောက်ကိုလှည့်မကြည့်တော့ဘဲ လေယာဉ်ကိုပဲ မောင်းနေရင်း ‘‘ခင်ဗျားကြီးတို့တွေ အားလုံး ဒီအပေါ်ကနေ ခုန်ဆင်းသွားကြရင် လူတွေအားလုံး အပျော် ဆုံးဖြစ်သွားကြမှာပေါ့ဗျာ’’လို့ တစ်ခွန်းတည်း ပြောချလိုက်သတဲ့။ ရယ်ဖို့ရယ်စရာ Joke တစ်ခုပါပဲခင်ဗျာ။
Writer:
ရဲထွတ်နီ

Post a Comment

 
Top