ရုရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်မှာ ကျင်းပသွားမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ၂၀၁၇ အာရှဖလား ပြိုင်ပွဲအတွက် ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်နေတဲ့ မြန်မာအသင်းဟာ လက်ရှိအချိန်မှာ ရမှတ် တစ်မှတ်သာ ရရှိထားတာကြောင့် အာရှခြေစစ်ပွဲ အောင်မြင်ဖို့တောင် မလွယ်ကူတော့ဘူးလို့ မြန်မာ လက်ရွေးစင်အသင်း နည်းပြ အေဗရာမိုဗစ်က ပြောပါတယ်။
မြန်မာအသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ သုံးပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် တစ်မှတ်သာ ရရှိထားပြီး အုပ်စု(G) ရဲ့ အမှတ်ပေးဇယား အောက်ဆုံးမှာ ရပ်တည်နေတာကြောင့် အဲ့ဒီလို ပြောကြားလိုက်တာပါ။
“နယူးဇီလန်နဲ့ ပွဲမှာ ကစားသွားတဲ့ ကြိုးစားအားထုတ်မှုကို ကျေနပ်ပါတယ်။ ဒါပေမဲ့ စနစ်တကျ ကစားနိုင်ဖို့နဲ့ စည်းကမ်းတကျ ရှိဖို့ကတော့ အချိန်ယူ လေ့ကျင့်ရပါဦးမယ်။ လာမယ့် လက်ဘနွန်နဲ့ ခြေစစ်ပွဲမှာ ဒီလိုကစားနိုင်ရင် ရလဒ် ကောင်းနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို မပြောနဲ့ အာရှဖလားခြေစစ်ပွဲကို အောင်မြင်ဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်ရမှာပါ။ အခုကစားနေတဲ့ ခြေစစ်ပွဲအပြီးမှာ ဘယ်အဆင့်မှာ ရပ်တည်နိုင်မယ်လို့ ကျွန်တော့်အနေနဲ့ အာမမခံနိုင်ပါဘူး။ ဘယ်သူမှလည်း အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး” လို့ အေဗရာမိုဗစ်က ပြောပါတယ်။
မြန်မာ့လက်ရွေးစင်အသင်း ဝင်ရောက်ယှဉ်ပြိုင် ကစားနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲဒုတိယ အဆင့်မှာ အုပ်စု ပထမနေရာ ရရှိခဲ့မယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ တတိယအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပြီး အာရှခြေစစ်ပွဲ ကိုလည်း အလိုအလျောက် အောင်မြင်မှာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ မြန်မာအသင်းရဲ့ အုပ်စုတွင်း ရပ်တည်မှုအရ အာရှဖလား ခြေစစ်ပွဲကို ရှုံးထွက်အဆင့်မှ စပြီး ယှဉ်ပြိုင်ရမယ့် အနေအထားမှာ ရှိနေတယ်လို့ အားကစားကလောင်ရှင် အများစုက သုံးသပ်ပြောဆိုပါတယ်။
Post a Comment