0

(၁)
မိုးက ဟန်ရေးမပြင်ဘဲ ဝုန်းခနဲ သည်းရုံသာမက လေပြင်းကလည်း ဟူး ဟူးရားရား။ ပြတင်းပေါက် က ဝင်လာ သော မိုးရေစက် အချို့ကြောင့် စာအုပ်တွေကို မိုးလွတ်ရာ တွန်းရွှေ့ ရင်း ယိမ်းနွဲ့နေသည့် ငှက်ပျောပင် များဆီ အကြည့်တို့ ဦးတည် လွှတ် ဖြစ် သည်။ လေပြင်း၏ ထိုးခွဲ မှုကြောင့် ငှက်ပျောရွက်တို့ အစိတ် စိတ် အမြွှာမြွှာကွဲ ကုန်ကြပြီ။ လေနှင့် မိုးက နာရီဝက်ခန့် သည်းသည်း သန်သန် ရွာပြီး ဖျတ်ခနဲ လင်းသွား တော့ အိမ်ရှေ့ လမ်းပေါ်သဲတွေ ဖွေးဖြူတင် ကျန်ရစ်သည်။
မိုးဘယ်လောက် ရွာရွာ ရွာထဲ တွင် ဗွက်မထင် ရေကွက်ရေအိုင် မရှိ။ ရွာသည် သဲမြေပေါ်တွင် တည် သည်မို့ ရှင်းရှင်း သန့်သန့်။ လမ်းထဲ က ကလေး အုပ်စုက ဘောလုံးတစ် လုံးနှင့် အတူ ဖိနပ်ဂိုးတိုင် စိုက်ပြီး ဟို ဘက် ဒီဘက် လူခွဲနေတာမြင်ရသည်။
“နင့်အမေ နေမကောင်းဘူးတဲ့”
တစ်လမ်းကျော်က အဒေါ်ဝမ်းကွဲ ငှားထားသည့် တရား စာအုပ် ပြန်အပ်သည်မို့ စာရင်း စာအုပ်မှာ ပယ်ဖျက်နေရင်း သည်နှယ် ပြော လာ တော့ သူအမေ့ကို ဖျတ်ခနဲ သတိရ လိုက်မိသည်။ အမေ့အိမ်သို့ သူ မ ရောက်ဖြစ်တာ နှစ်ချီခဲ့ပြီ။ အတူနေ ညီ တစ်ယောက်နှင့် အဖေ အမေရှိ သည် ဆိုသည့် အတွေးကို နာကျင်စွာ ရံဖန်ရံခါ တွေးမိသည်မှအပ..။
(၂)
သူအိမ်ထောင်ပြုတော့ အဝတ် တစ်ထည် ကိုယ်တစ်ခုဖြင့် မိဘအိမ် က ထွက်ခွာခဲ့ခြင်း ဖြစ်သည်။ ယာ တစ်ကွက် ၊ မြေ တစ်မှုန့်၊ နွားတစ် ကောင် လုပ်ကိုင်စားရန် အတွက် သူက မတောင်းသလို၊ အဖေ အမေ ကလည်း မထောက်ပံ့။
သူ့ဘဝကို ကာယ လုပ်သား အဖြစ် အချိန် အကြာကြီး ဖြတ်သန်း ရင်း၊ သမီးလေး တစ်ယောက် ရသည် အထိ ရုန်းကန်ရင်း လူတန်းစေ့ နေ နိုင်ရုံ ဘဝတစ်ခုမှာ ရပ်တည်နိုင်ခဲ့သည်။ မိအို ဖအိုက မသေသေး။ အမွေ ကိစ္စ ငမ်းငမ်း ထနေသည့် အတူ နေ ညီတော်မောင် ကို စိတ်အလိုမကျ ရာက သူ မသွားဖြစ်တော့ တာဖြစ် သည်။
သူ့အတွက် ရှိခြင်း မရှိခြင်း သည်လည်း အကြောင်း မဟုတ်၊ ဆင်းရဲ၊ ချမ်းသာကလည်း ပြဿနာ မရှိ၊ လောကဓံ ဆိုတာကြီးနှင့် ပေါင်း တတ် သင်းတတ် အဆွေခင်ပွန်းဖွဲ့ တတ်ခဲ့ပြီ။ အမေဟု သူ့စိတ်က လွမ်း မိသည့် တိုင် အဖေဟု သူ့စိတ်က တမ်းတမိသည့် တိုင် (ဘယ်အမျိုးမှ အိမ် မလာနဲ့) ဆိုသည့် အရိုင်းကောင် စကားက သူ့မာနကို ထိပါးလာသည့် အခါ သူသည် တစ်ကောင်ကြွက် အထီး ကျန်လို ဖြစ်မှန်း မသိ ဖြစ်လာခဲ့၏။
(၃)
ဆိုင်ကယ် စက်နှိုးသံက သူ့ အတွေးတွေကို ဖြတ်ချ သလိုဖြစ်ပြီး စက်သံက ရပ်သွားပြန်သည်။ သမီး ငယ်ကျောင်း သွားရန် အသင့်ဖြစ်နေ တာကို မြင်ရသည်။
“ဆိုင်ကယ်က ရှေ့ပိုင်းလှပ်ရ တော့မယ်ထင်တယ်နော် ဖေ့”
အားငယ်သံ ရောစွက်နေသည့် သမီးငယ်၊ အဆိုပါ စကားသံက ဒီလ ထဲမှာ နှစ်ခါ ရှိပြီ။ ဒီနှစ်ပိုင်း အရောင်း အဝယ် လုပ်ငန်းက အဆင် မပြေလှ။ ခုလည်း ခရီးထွက်ရန် အတွက် ငွေ လက်ကျန်နည်းသည် မို့ ဆိုင်ကယ်ပြင်မည့် အရေးကို လပိုင်းလေးဖြစ်ဖြစ် ရွှေ့ ဆိုင်းထား ချင်မိသည်။ သူစက်နှိုး တော့ ပြန်အနိုးမှာ စလိုးချိန်ပေး ရင်း..
“ဒီတစ်လတော့ မှေးစီးပါဦး၊ ဖေဖေ့ ဆိုင်ကယ် ကလည်း ခရီးရှည် ဆိုတော့ ပြင်သင့်တာ ပြင်ရသေး တယ်။ ဒီတစ်ခေါက် ပြန်လာ ရင် ပြင်ပေးမယ်နော်”
သမီးငယ်က ခွန်းတုံ့ မဆို၊ နည်းပညာ တက္ကသိုလ်ကျောင်း က ၅မိုင် သာ ဝေးသည် ဆိုပေမယ့် နေ့စဉ် ခရီး ဆိုတော့ ဆိုင်ကယ်ကောင်း မှ ဖြစ်မည်။ ဝေါခနဲ မောင်းထွက် သွား တော့ ခက်ခဲ ပင်ပန်းသည့် ဘဝခရီး မှာ မွေးကင်းစမှသည် တက္ကသိုလ် ကျောင်းသူ တတိ ယနှစ်ရောက် သည် အထိ သူ ကျွေးမွေး စောင့်ရှောက်ရင်း ပညာအမွေသာပေးနိုင်ခဲ့သည်။
အဖေတစ်ခု သမီးတစ်ခုဘဝ တွင် သမီးငယ်သည် သူ့အားခင်တွယ်သလို၊ လိမ္မာရေးခြား ရှိသော သမီး လေးအား သူအချစ်ပို ရသည်။ စက်ဘီး စီးသင်ပေးခဲ့သည် မှာလည်းသူ၊ ဆိုင်ကယ်စီး သင်ပေးသည်လည်း သူ…။ သမီးငယ်၏ ငယ်ဘဝပုံရိပ် များစွာထဲ သူအကြာ ကြီး မေ့မြော နေမိသည်။
(၄)
“ကလေးက ကျောင်းသွား ပလား”
သူ့ကိုယ် ဆတ်ခနဲဖြစ်သွားမိ သည်။ အမေ့အသံ။
“အမေ နေမကောင်းဘူးဆို”ဟုမေးတော့ အပြုံးက ခပ်ယဲ့ယဲ့။
“သက်သာသွားပါပြီ၊ဈေးရောင်း လို့မကောင်းဘူးဆို”
ကျွန်တော် အမေလာခိုက် ကျွေးစရာရှာကြည့်သည်။ အလွယ် ဘာမှမတွေ့ရ။
“မိုးပြို အများပေါ့ အမေရာ။ တစ်ယောက်တည်းဖြစ်တာမှ မဟုတ် တာ”
စကားဆက်ကပြတ်တော့ ကျွန်တော် အမေ့ကို ငေးနေမိပြန် သည်။
“ကလေးဆိုင်ကယ်က ပျက်နေ တာဆို၊ ဟိုနေ့ကလည်း တွန်းလာ တာ မြင်လိုက်တယ်။ ရော့ တစ် သောင်းခွဲ၊ အမေ့ လက်ထဲလည်း ဒါပဲရှိ တယ်”
ကျွန်တော် အသက်ရှူရပ်သွားမိ သလို အာခေါင်တွေ သွေ့ခြောက် သွားသလိုဖြစ်မိသည်။
“မယူချင်ဘူး အမေ..ခုထက် ဆိုးတဲ့ အခြေအနေတွေ ကို ကျွန်တော် ဖြတ်သန်းနိုင်ခဲ့ပြီ။ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ် ခဲ့တာ၊ ဘယ် သူ့ အထောက်အပံ့ မှ မပါဘူး။ လောက ကြီးနဲ့ ကျွန်တော်အသားကျနေပြီ”
အမေက ခွန်းတုံ့မဆို၊ ဆတ်ခနဲ ထပြန်တော့ အိမ်ဝကနေ လမ်းထိပ် ဆီ တဖြည်းဖြည်း ဝေးသွားတာကို ငေးနေမိသည်။
(၅)
“ရပ်နိုင်ပေ့ ရပ်နိုင်ပေ့”
အတွေးတွေနှင့် ငေးနေရင်း ဘေးအိမ်က ကလေးမက သဲဖြူဖြူ လမ်းပေါ် သူ့ကလေးကို မတ်တတ် ရပ်နိုင်ဖို့ လက်ခုပ်တီးပေး အားပေး နေ တာမြင်ရသည်။ ကလေးက မတ် တတ်ရပ်ဖို့ ကြိုးစားရင်း အားယူ၍ ထလိုက် လဲပြိုမလိုဖြစ်စဉ် မိခင်က ထမ်းပေးလိုက်နှင့်။
ကျွန်တော်လည်း သမီးငယ်ငယ် က “ရပ်နိုင်ပေ့ ရပ်နိုင်ပေ့” ဟု မတ် မတ်ရပ်နိုင်ရန် သည်နှယ် အားပေး ခဲ့ဖူးသည်။
“ရပ်နိုင်ပေ့ ရပ်နိုင်ပေ့”
အသံတို့က ကြားနေရဆဲ။ တစ် စုံတစ်ရာကို ဖျတ်ခနဲ သတိရမိသည်။ ကျွန်တော် ငယ်ငယ်က အမေသည် လည်း ခုလို..။ မွန်းကျပ်နာကျင် သည့် ဖော်ပြခြင်းငှာ မစွမ်းသာသည့် ရင်ထဲဝေဒနာနှင့် အတူ လမ်းပေါ် အကြည့် အမေက လမ်းကွေ့အချိုး တွင် ဖျတ်ခနဲ ပျောက်သွားခဲ့ပြီ။
အောင်ဖြိုးကျော်(ပခုက္ကူ)
http://popularmyanmar.com/afpopular/archives/4788

Post a Comment

 
Top