0

မိုးနှောင်းကာလ (စက်တင်ဘာလ ဒုတိယပတ်အတွင်း) မှာ လေထုမတည်ငြိမ်ရာမှ ဖြစ်ပေါ်လာတဲ့ မိုးတိမ်တောင်ကြီးတွေကြောင့် တချို့ဒေသတွေမှာ နေရာကွက်ပြီး လေပြင်းတိုက်ခတ်တာ၊ နေရာကွက်ပြီး မိုးကြီးတာနဲ့ မိုးကြိုးပစ်တာ စတဲ့ အန္တရာယ် ရှိနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာလည်း လာမယ့် စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ မုတ်သုံလေအား ပြန်ကောင်းလာမှာဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ဒေသနဲ့ မုတ္တမကွေ့တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သူက ခန့်မှန်းပြောဆိုထားပါတယ်။
“အချိန်တိုအတွင်း မိုးသည်းထန်စွာ ရွာနိုင်တာကို ဂရုပြုသင့်ပါတယ်။ ကိုယ့်အနီးအနားမှာ မိုးခြိမ်းသံကြားနေရပြီ ဆိုရင်လည်း မိုးကြိုးပစ်ချနိုင်တာမို့လို့ သတိထားရပါတယ်။ အထူးသဖြင့် တောင်သူတွေ အနေနဲ့ပေါ့” လို့ သူက ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ နောက်နှစ်ရက်အတွင်း မိုးအားပိုလာမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး ပိုအားကောင်းလာနိုင်တဲ့အပြင် မြန်မာ့ကမ်းရိုတန်းတစ်လျှောက် မိုးတိမ်တောင်တွေ ထူထပ်စွာ ဖြစ်ပေါ်နေပြီး ကျန်တစ်ပြည်လုံးမှာလည်း အသင့်အတင့် ရှိနိုင်တာကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ မိုးထစ်ချုန်းရွာမယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောပါတယ်။


The Voice Weekly

Post a Comment

 
Top