0

Energy and Power Development ခေါင်းစဉ်ဖြင့် ဆွေးနွေးနေကြစဉ်
မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ကမ်းနီးကမ်းဝေး လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များအား ထုတ်ယူလျက်ရှိပြီး လက်ရှိအချိန်တွင် ကမ်းဝေးလုပ်ကွက် လေးခုမှ ပြည်ပသို့ တစ်ရက်လျှင် ၁ ဒသမ ၇ ဘီလျံ ကုဗပေ တင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ သန်း ၄၀၀ ပေးထားကြောင်း စက်တင်ဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပခဲ့သော Myanmar Global Investment Forum တွင် MyanmaOil & Gas Enterprises-MOGE မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ကျွန်တော်တို့မှာ ကမ်းလွန်မှာ လုပ်ကွက်တွေ ရှိပါတယ်။ ကမ်းနီးမှာလည်း လုပ်ကွက်တွေ ရှိပါတယ်။ အဲဒီလိုပဲ Inland gas production ဆိုပြီးလည်း ရှိပါတယ်။ ကုန်းတွင်းက ထွက်တာတွေကိုတော့ ပြည်ပကို တင်ပို့လေ့မရှိပါဘူး။ ထုတ်လုပ်မှုနဲ့ ပတ်သက်ရင်လည်း ပြည်တွင်းကိုပဲ ပေးထားပါတယ်။ ကမ်းလွန်လုပ်ကွက်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ တွေကိုတော့ ကျွန်တော်တို့က စာချုပ်ချုပ် ထားတဲ့အတိုင်း တင်ပို့ရပါတယ်။ တင်ပို့ရတဲ့ ပမာဏကတော့ တစ်ရက်ကို ကုဗပေ ၁ ဒသမ ၇ ဘီလျံဖြစ်ပါတယ်။ ပြည်တွင်းသုံးဖို့ ကုဗပေသန်း ၄၀၀ ပေးတဲ့အတွက် ပြည်ပတင်ပို့မှုရဲ့ ၂၀ ရာခိုင်နှုန်းကို ပြည်တွင်းမှာသုံးဖို့ ပေးထားပါတယ်” ဟု Myanma Oil & Gas Enterprises မှ Managing Director ဦးမျိုးမြင့်ဦးက ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံ အနေဖြင့် ကမ်းနီးလုပ်ကွက် ၅၂ ခုနှင့် ကမ်းလွန် လုပ်ကွက် ၅၂ ခု စုစုပေါင်းလုပ်ကွက် ၁၀၄ ခုရှိနေပြီ ဖြစ်ကြောင်း၊ ထို့အတူ ၂၀၁၃ ခုနှစ်တွင် ယင်းလုပ်ကွက်များတွင် လုပ်ကိုင်ရန် နိုင်ငံတကာ တင်ဒါများအား ခေါ်ယူခဲ့ကြောင်း၊ အလားတူ ရွေးချယ်ခံရသည့် ကုမ္ပဏီများကိုလည်း ကြေညာပေးခဲ့ကြောင်း၊ ကမ်းလွန်လုပ်ကွက် ၁၆ ခုနှင့် ကုန်းတွင်းလုပ်ကွက် ၂၀ ခုဖြစ်ကြောင်း သိရှိရသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ အနာဂတ်တွင် စွမ်းအင်ဖူလုံရေးဆိုင်ရာ ကိစ္စရပ်များအားလည်း ဆွေးနွေးခဲ့ကြပြီး “လက်ရှိမြန်မာနိုင်ငံမှာ ရေအားနဲ့ လည်ပတ်နေတဲ့အားက ၇၅ ရာခိုင်နှုန်းလောက် ရှိပါတယ်။ ကျန်တာတွေကိုတော့ အဓိကအားဖြင့် Gas နဲ့ပဲ လည်ပတ်နေတာပါ။ ကျွန်မတို့ စဉ်းစားရမှာက နောက်ငါးနှစ် လောက်မှာ စွမ်းအင်ကို ဘယ်ကရမလဲ ဆိုတာကို ထည့်စဉ်းစားရမှာပါ။ ရေအားလျှပ်စစ်က စုစုပေါင်း လျှပ်စစ်ပမာဏရဲ့ သုံးပုံနှစ်ပုံလောက် ရှိနေပြီ။ နောက်တစ်ခုက ကျောက်မီးသွေးပါ။ ကျောက်မီးသွေးက ကုန်ကျစရိတ် သက်သာတယ် ဆိုပေမယ့် ၂၀၂၀ လောက်ရောက်ရင် အစိုးရ ခေါင်းခဲရမယ့် ကိစ္စတစ်ခုပါ။ ဒီနေရာမှာ တစ်ခုရှိတာက LNG ကို သုံးမလားဆိုတာပဲ။ ရေတိုမှာတော့ LNG သုံးတာလည်း မဆိုးပါဘူး။ ဒါပေမယ့် ရေရှည်အတွက်ကျတော့ စွမ်းအင်ကို ထိထိရောက်ရောက် ဘယ်လိုသုံးစွဲမလဲဆိုတဲ့ နည်းလမ်း တစ်ခုကို ရှာဖွေဖို့ လိုအပ်လာပါတယ်” ဟု Barons & Fujikura EPC မှ Managing Director ဖြစ်သူ ဒေါ်အိဖြူစင်ဌေးက ပြောကြားခဲ့သည်။­­
မြန်မာ့ကမ်းလွန်တွင် လက်ရှိအချိန်တွင် သဘာဝဓာတ်ငွေ့ တူးဖော်နေသည့် စီမံကိန်းလေးခုရှိပြီး ယင်းတို့မှာ ပြင်သစ်နိုင်ငံ TOTAL ရေနံကုမ္ပဏီမှ ထုတ်ယူနေသော ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်း၊ မလေးရှားနိုင်ငံ PETRONAS ကုမ္ပဏီမှ ဦးဆောင်ရှာဖွေ တူးဖော်နေသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်း၊ ဒေ၀ူးမှ ဦးဆောင်ထုတ်ယူနေသော ရခိုင်ကမ်းလွန်ရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းနှင့် ထိုင်းနိုင်ငံ PTTEP မှ ထုတ်ယူနေသော မုတ္တမကမ်းလွန်ရှိ  ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းတို့ဖြစ်ကြောင်း သိရှိရသည်။
ပြင်သစ်နိုင်ငံ TOTAL ကုမ္ပဏီမှ ထုတ်ယူနေသည့် ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကိုမူ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေပြီး တစ်နေ့လျှင် ကုဗပေသန်း ၆၀၀ တင်ပို့နေကြောင်း၊ အလားတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေကြောင်း၊ တစ်နေ့လျှင် ကုဗပေသန်း ၄၃၀ ရှိကြောင်း သိရှိရသည်။ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းမှာမူ ၂၀၀၃ ခုနှစ်က စတင်တူးဖော်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှ ရောင်းချနိုင်ခဲ့ကြောင်း၊ ဇောတိက စီမံကိန်းမှာမူ ၁၉၉၈ မှ စတင်ရှာဖွေခဲ့ပြီး ၂၀၁၄ တွင် စတင်ရောင်းချခဲ့ကြောင်း သိရှိရသည်

http://news-eleven.com/

Post a Comment

 
Top